ရခိုင်ရေဘေးကို တော်လှန်ရေးအဖွဲ့များ ဝိုင်းကူ၊ AA က မွတ်ဆလင်စစ်သည်များပါ ထည့်သွင်းအသုံးပြု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။
ရခိုင်ပြည်အတွင်း ဆိုးရွားစွာ ကြုံတွေ့နေရသည့် ရေဘေးဒဏ်အတွက် ပြည်သူအချင်းချင်းအပြင်၊ ပြည်မနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းလှူဒါန်းကူညီမှုများ ပြုလုပ်လာကြသည်။
ထို့ပြင် ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ တွင် မွတ်ဆလင် စစ်သည်၊ စစ်မယ်များကိုပါ အာရက္ခ တပ်တော် (AA) က ထည့်သွင်းအသုံးပြုလာသည်။
ရခိုင်ပြည်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့မှ စတင်ကာ ၁၂ ရက်နေ့အထိ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြို့နယ် ၈ ခုခန့်တွင် ကျေးရွာပေါင်း ၁၀၀ ကျော် ရေလွှမ်းမိုးခံခဲ့ရပြီး၊ ဒေသခံပြည်သူ သိန်းနှင့် ချီ၍ ရေဘေးဒဏ်ကို ပြင်းထန်စွာ ရင်ဆိုင်နေရသည်။
သို့သော်လည်း စစ်တပ်၏ လမ်းကြောင်း ပိတ်ဆို့မှုများကြောင့် နိုင်ငံတကာအကူအညီများ ရောက်ရှိရန် ခက်ခဲ နေချိန်တွင် တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းနှင့် ပြည်သူအချင်းချင်းသာ ဝိုင်းဝန်းဖေးမ ကူညီနေကြရခြင်း ဖြစ်သည်။
ဘူးသီးတောင်မြို့နယ်ရှိ သံခြွီကျေးရွာ (ဈေးတန်း)၊ သပြုချောင်း၊ ဆင်အိုးပြင်၊ ရွှေအိုး ပြင်နှင့် ဒေလီကျေးရွာ စသည့် မွတ်ဆလင်ကျေးရွာများ အပါအဝင် ရေဘေးသင့်ရပ်ရွာများသို့ ဇူလိုင်လ ၁၅ ရက်နေ့က ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) က ဆန်အပါအဝင် အခြားအရေးကြီး စားနပ်ရိက္ခာများကို သွားရောက် ထောက်ပံ့ ကူညီခဲ့သည်။
အဆိုပါ အရေးပေါ်ကယ်ဆယ်ရေး၊ ထောက်ပံ့ကူညီရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် AA ဘက်က ၎င်းတို့၏ မွတ်ဆလင် စစ်သည်၊ စစ်မယ်များကို ပူးပေါင်းထုတ်သုံးလာခြင်း ဖြစ်ကြောင်း AA နှင့် နီးစပ် သည့် မီဒီယာများတွင် ဖော်ပြထားသည်။
ရခိုင်မြောက်ပိုင်း ရေဘေးကူညီကယ်ဆယ်ရေးတွင် ပါဝင်နေသူ အမျိုးသမီးတစ်ဦးက ”တော်လှန်ရေးအဖွဲ့တွေ ပြည်ပအဖွဲ့အစည်းတွေက ရခိုင်ရေဘေးကို ကူညီပေးတာကို ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဝမ်းသာပါ တယ်။ ကျေးဇူးတင်ပါတယ်လို့ ဒီနေရာက ပြောချင်ပါတယ်၊ နောက်တစ်ခုက မွတ်ဆလင်တပ်ဖွဲ့ဝင်တွေကို ရေဘေးမှာ အသုံးပြုလာတာနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့မှာ ပြောပိုင်ခွင့်မရှိပါဘူး၊ ဒါပေမဲ့ တွေ့ရပါတယ်။ နိုင်ငံတကာကိုလည်း မြင်စေချင်ပါတယ်” ဟု ပြောသည်။
အလားတူ ရခိုင်ရေဘေးသင့်ပြည်သူများအတွက် အခြားတော်လှန်ရေးတပ်ဖွဲ့ အချို့ကလည်း ဆက်တိုက်ပါဝင် လှူဒါန်းလာကြသည်။
မရာနယ်မြေအုပ်ချုပ်ရေး ကောင်စီ/ မရာလဲန်းကာကွယ်ရေး တပ်ဖွဲ့ (MTC/MDF) သည် ရခိုင်ရေဘေးအတွက် ငွေကျပ်သိန်း ၅၀ ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှတစ်ဆင့် ယခုရက်ပိုင်းအတွင်း လှူဒါန်းခဲ့သည်။
ထို့ပြင် ပြည်မအခြေစိုက် 96 Soldiers PDF တပ်ဖွဲ့ကလည်း ရခိုင်ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ် ၁၀ သိန်းကို ဝေဟင်အောင်ပရဟိတအဖွဲ့မှတစ်ဆင့် ပါဝင်လှူဒါန်းခဲ့ကြောင်း ကိုဝေဟင်အောင်၏ ဇူလိုင်လ ၁၅ ရက် နေ့ ရေးသားထုတ်ပြန်ထားသည်။
လက်ရှိတွင် ရခိုင်ရေဘေးသင့်ဒေသများ၌ အရေးပေါ် ဆေးဝါးနှင့် စားနပ်ရိက္ခာ အကူအညီများစွာ ဆက်လက် လိုအပ်နေဆဲ ဖြစ်သည်။