အာရှ မဟာမိတ်များ၏ အကျိုးစီးပွားကို ပစ်ပယ်မည်မဟုတ်ဟု အမေရိကန် အာမခံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်။ 

အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နေသော်လည်း အာရှ မဟာမိတ်နိုင်ငံများ၏ အကျိုးစီးပွားကို မည်သည့်အခါမျှ ထိခိုက်နစ်နာစေမည် မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူးဘီယို က ပြောကြားလိုက်သည်။

မနီလာမြို့တွင် ကျင်းပနေသည့် အာဆီယံ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ဝန်ကြီး ရူးဘီယို က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဝန်ကြီး ရူးဘီယိုသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် မကြာသေးမီက သီးခြားတွေ့ဆုံခဲ့ပြီး လာမည့် စက်တင်ဘာလတွင် ပြုလုပ်မည့် တရုတ်သမ္မတ ရှီကျင့်ဖိန်၏ အမေရိကန် ခရီးစဉ်အတွက် ကြိုတင်ညှိနှိုင်းခဲ့သည်။

လက်ရှိတွင် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် ဖိလစ်ပိုင်တို့အကြား ရေပိုင်နက် အငြင်းပွားမှုများနှင့် စစ်ရေးတင်းမာမှုများ ပိုမိုမြင့်တက်နေသလို၊ တရုတ်ဘက်ကလည်း ထိုင်ဝမ်ရေလက်ကြားအနီး စစ်ရေးလေ့ကျင့်မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။ 

အဆိုပါ အစည်းအဝေးတွင် အရှေ့အလယ်ပိုင်း စစ်ရေးတင်းမာမှုများကြောင့် ဒေသတွင်း လောင်စာဆီ တင်သွင်းမှုနှင့် စီးပွားရေးပေါ် ရိုက်ခတ်လာနိုင်သည့် အန္တရာယ်များကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

Photo: ASEAN