တိုင်ဖုန်း “နူးလ်” ကြောင့် တရုတ်တောင်ပိုင်း မိုးကြီးမည်၊ ပြည်သူ ၈ သိန်းကျော် ရွှေ့ပြောင်းရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်။ 

တရုတ်နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် “နူးလ်” (Noul) တိုင်ဖုန်းမုန်တိုင်းသည် ကုန်းတွင်းပိုင်းသို့ ရောက်ခဲ့ပြီးနောက် အပူပိုင်းမုန်တိုင်းအဖြစ် အရှိန်လျော့သွားခဲ့သည်။ 

သို့သော်လည်း တရုတ်နိုင်ငံတောင်ပိုင်းတွင် လေပြင်းထန်ပြီး မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းလျက်ရှိသည်။

တရုတ်မိုးလေဝသဌာနက ကွမ်တုန်းနှင့် ဖူကျန့်ပြည်နယ်တို့တွင် မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။ 

ဂွမ်တုန်းပြည်နယ်အတွင်းရှိ ပြည်သူ ၈ သိန်းကျော်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရသည်။ 

ဟောင်ကောင်တွင်လည်း လေကြောင်းလိုင်း ခရီးစဉ်ပေါင်း ၃၅၀ ကျော် ဖျက်သိမ်းခဲ့ရသဖြင့် ခရီးသည် ၂,၀၀၀ နီးပါး လေဆိပ်တွင် သောင်တင်ခဲ့ပြီး အနည်းဆုံး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မုန်တိုင်းကြောင့် တောင်တန်းဒေသများတွင် ရေကြီးရေလျှံမှုအန္တရာယ် မြင့်မားနေသဖြင့် တရုတ်အစိုးရက အရေးပေါ်တုံ့ပြန်ရေးအဆင့်ကို တိုးမြှင့်လိုက်ပြီး၊ ဂွမ်တုန်းပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ယွမ်သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁၄.၈ သန်း) ထောက်ပံ့ပေးထားသည်။

“နူးလ်” မုန်တိုင်းသည် တစ်လအတွင်း တရုတ်နိုင်ငံသို့ ဝင်ရောက်ခဲ့သည့် တတိယမြောက် မုန်တိုင်းဖြစ်ပြီး ယခုနှစ်အတွင်း အားအကောင်းဆုံး မုန်တိုင်းလည်း ဖြစ်သည်။ 

မုန်တိုင်းသည် တရုတ်နိုင်ငံသို့ မဝင်ရောက်မီ ဖိလစ်ပိုင်တွင် လူ ၃ ဦး သေဆုံးခဲ့ပြီး ထိုင်ဝမ်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။

Photo:PTI