မန္တလေး-မြစ်ကြီးနား လမ်းပန်းဆက်သွယ်ရေးပြတ်တောက်၊ ကုန်ဈေးနှုန်းများ ထိုးတက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။
စစ်ကိုင်းတိုင်း၊ အင်းတော် – ကသာ ကားလမ်းပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် မန္တလေး – မြစ်ကြီးနား ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများ လမ်းပိုင်းတွင် ပိတ်မိနေပြီး ကချင်ပြည်၊ မြစ်ကြီးနား မြို့၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေသည်။
ဇူလိုင်လ (၂၆) ရက်နေ့မှစတင်ကာ ပင်းမလွတ်ကျေးရွာအနီးတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား နေခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲအခြေအနေကြောင့် အဆင်းကားများသည် နဘားလမ်းဆုံတွင် ပိတ်မိနေပြီး၊ အတက်ကားများမှာ ကသာမြို့အတွင်း ပိတ်မိနေလျက်ရှိသည်။
လက်ရှိတွင် အဓိကလမ်းကြောင်းများ ပိတ်ထားရသဖြင့် ခရီးသွားကားများအနေဖြင့် အခက်အခဲများလှသည့် အင်းတော်မြို့ ပတ်ကွင်းလမ်းတစ်ခုတည်းကိုသာ အလှည့်ကျ ဖြတ်သန်းနေရကြောင်း ယာဉ်မောင်းများက ဆို သည်။
ကားသမားတစ်ဦးက “လက်ရှိမှာ အဓိကလမ်းတွေ ပိတ်ထားလို့ ခရီးသွားကားတွေအနေနဲ့ အခက်အခဲများလှတဲ့ အင်းတော်မြို့ ပတ်ကွင်းလမ်းတစ်ခုတည်းကိုပဲ အလှည့်ကျ ဖြတ်သန်း သွားလာနေရတာပါ” ဟု ပြောသည်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲတားဆီးခံနေရမှုကြောင့် ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ ကုန်စည်ဝင်ရောက်မှုမှာ သိသိသာသာ လျော့ကျသွားခဲ့ပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာလည်း တစ်ရှိန်ထိုး ထိုးတက်လာနေ သည်။
မြစ်ကြီးနားဈေးကွက်အတွင်း ကြက်ဥတစ်လုံးလျှင် ကျပ် (၁,၀၀၀) အထိ ပေးဝယ်နေရပြီး ခရမ်းချဉ်သီးနှင့် ကြက်သွန်နီတို့မှာလည်း တစ်ပိဿာလျှင် ကျပ် (၁၀,၀၀၀) ကျော်အထိ မြင့်တက်လာနေကြောင်း မြို့ခံများက ဆိုသည်။
မြို့ခံ အမျိုးသမီးတစ်ဦးက “မြစ်ကြီးနားမှာက စျေးမတက်တာ ဘာမှမရှိတော့ဘူး။ ကြက်ဥက တစ်လုံးကို တစ်ထောင်ဖြစ်သွားပြီ။ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ်သီး အကုန်စျေးတက်တယ်။ မနက်စျေးကို တစ်သိန်း ကိုင်သွားရင်တောင် ဘာမှ မရတော့ဘူး။ ခရီးချဉ်သီးဆို တစ်သောင်းကျော်သွားပြီ။ ဆီစျေး၊ ဆန်စျေး ဘာမှ မေးမနေနဲ့တော့ အကုန်အတက်ပဲ” ဟု ပြောသည်။
မြစ်ကြီးနား – မန္တလေး လမ်းပိုင်းသည် ကချင်ပြည်အတွက် အဓိကကုန်သွယ်ရေးနှင့် ကူးသန်းသွားလာရေး သွေး ကြောမကြီးတစ်ခု ဖြစ်ပြီး အခြေခံစားသောက်ကုန်အများစုကို အခြားဒေသများမှတစ်ဆင့် အဓိက တင်သွင်းနေ ရသည့် အရေးပါဆုံး လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။
အဆိုပါ လမ်းပိုင်းတွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများနှင့် တိုက်ပွဲများကြောင့် သွားလာရေး ခက်ခဲလာကာ ကုန်တင်ကားဝင်ရောက်မှုများ သိသိသာသာ လျော့ကျသွားခဲ့ခြင်း ဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲတားဆီးခံနေရမှုကြောင့် ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ ကုန်စည်ဝင်ရောက်မှုမှာ ရပ်တန့်သလောက်ဖြစ်သွားခဲ့ပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာလည်း တစ်ရှိန်ထိုး ထိုးတက်လာနေ သည်။
ထို့ပြင် တရုတ်-မြန်မာနယ်စပ်ရှိ ကန်ပိုက်တီလမ်းပိုင်းတွင်လည်း မြေပြိုမှုများနှင့် ဂိတ်ကြပ်တည်းမှုများ ရှိနေခြင်း ကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်သလောက်ဖြစ်ကာ ဒေသခံပြည်သူများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေ ကြရသည်။ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် သွားလာရေးခက်ခဲမှုဒဏ်ကို မြစ်ကြီးနားမြို့ခံပြည်သူများ အဓိက ခံစားနေ ကြရခြင်း ဖြစ်သည်။