အမေရိကန် လေယာဉ်တင် သင်္ဘော ဗီယက်နမ် ဆိပ်ကမ်းတွင် ဆိုက်ကပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။ 

အမေရိကန်ရေတပ်၏ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်စစ်သင်္ဘော USS George Washington သည် ဗီယက်နမ်နိုင်ငံ ဒါနန်း (Danang) ဆိပ်ကမ်းသို့ ဇူလိုင်လ ၃၀ ရက် ကြာသပတေးနေ့က ၅ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဆိုက်ရောက်လာခဲ့သည်။ 

ဤခရီးစဉ်သည် ဝါရှင်တန်နှင့် ဟနွိုင်းတို့အကြား သံတမန်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာခြင်း၏ ထင်ရှားသော လက္ခဏာတစ်ရပ် ဖြစ်သည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။ 

ယခု ဆိပ်ကမ်းကပ်မှုသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် အမေရိကန်နှင့် ဗီယက်နမ်တို့အကြား သံတမန်ဆက်ဆံရေးကို “ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး” (Comprehensive Strategic Partnership) အဆင့်သို့ တိုးမြှင့်ခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ 

ထို့အပြင် ဗီယက်နမ်စစ်ပွဲ ပြီးဆုံးခဲ့သည့်အချိန်မှစ၍ အမေရိကန် လေယာဉ်တင်သင်္ဘောတစ်စီး ဗီယက်နမ်သို့ ၄ ကြိမ်မြောက် လာရောက်ခြင်းလည်း ဖြစ်ည်။ 

၂၀၂၃ ခုနှစ် ဇွန်လအတွင်း USS Ronald Reagan စစ်သင်္ဘော လာရောက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် “ယခုကဲ့သို့ အမေရိကန်ရေတပ် လေယာဉ်တင်သင်္ဘော စစ်ရေယာဉ်စု၏ လာရောက်လည်ပတ်မှုသည် ဗီယက်နမ်-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်း မြှင့်တင်ရာတွင် အထောက်အကူပြု”သည်ဟု ဖော်ပြထားသည်။ 

ဗီယက်နမ် အနေဖြင့် အခြားသော ပြည်ပစစ်သင်္ဘောများကိုလည်း နည်းပညာနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်သည့် ဗီယက်နမ်၏ မူဝါဒကို ပုံဖော်ပြသခြင်းဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။

ဟိုချီမင်းမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံး၏ သီးခြားထုတ်ပြန်ချက်တွင်လည်း ယခုခရီးစဉ်သည် လွတ်လပ်၍ ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသ (Free and Open Indo-Pacific) ဖြစ်ထွန်းရေးဆိုင်ရာ ဘုံမျှော်မှန်းချက်အပေါ် အမေရိကန်ရေတပ်၏ ကတိကဝတ်ကို ပိုမိုခိုင်မာစေကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။

လွန်ခဲ့သည့် ဇွန်လအတွင်း စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် ရှန်ဂရီလာ ဆွေးနွေးပွဲ (Shangri-La Dialogue) ပြင်ပတွင်လည်း ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး တို့ တွေ့ဆုံခဲ့ကြပြီး ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြသည်။

ယခုခရီးစဉ်တွင် USS George Washington လေယာဉ်တင်စစ်သင်္ဘောနှင့်အတူ လမ်းညွှန်ဒုံးကျည်တပ် ကင်းလှည့်သင်္ဘော USS Robert Smalls (CG-62) နှင့် ဒုံးကျည်တင် ဖျက်သင်္ဘော USS Shoup (DDG-86) တို့လည်း ဝန်းရံလိုက်ပါလာခဲ့သည်။