တရုတ်နှင့် ထိုင်း ပူးတွဲလေတပ် စစ်လေ့ကျင့်ရေး ပြုလုပ်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။ 

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် “Falcon Strike-2026” အမည်ရ နှစ်နိုင်ငံ ပူးတွဲ လေတပ် စစ်ရေးလေ့ကျင့်မှုကို လာမည့် သြဂုတ်လအတွင်း ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းတွင် ဖော်ပြထားသည်။ 

အဆိုပါ ပူးတွဲ စစ်လေ့ကျင့်ရေး ပြုလုပ်မည့်အကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင်လ ၃၀ ရက် ကြာသပတေးနေ့တွင် တရားဝင် ကြေညာခဲ့သည်။

တရုတ် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်ပင်း (Jiang Bin) ၏ ပြောကြားချက်အရ အဆိုပါ စစ်ရေးလေ့ကျင့်မှုအတွက် တရုတ်နိုင်ငံဘက်မှ မြေပြင်အခြေစိုက် လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့များ အပါအဝင် စစ်ဘက်သုံး လေယာဉ်အမျိုးအစားမျိုးစုံနှင့် တပ်ဖွဲ့ဝင်အများအပြားကို စေလွှတ်သွားမည်ဖြစ်သည်ဟု ဆိုသည်။ 

ယခု ပူးတွဲလေ့ကျင့်မှုတွင် နှစ်နိုင်ငံ လေတပ်များအကြား လေကြောင်းရန် ကာကွယ်ရေး လုပ်ငန်းစဉ်များအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လေ့ကျင့်ခန်းများကိုပါ ထည့်သွင်း လှုပ်ရှားဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ယခုအကြိမ် လေ့ကျင့်မှုသည် နှစ်နိုင်ငံ လေတပ်များအကြား ၉ ကြိမ်မြောက် ပြုလုပ်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်သည်။  

တရုတ်နှင့် ထိုင်း နှစ်နိုင်ငံအကြား တည်ရှိပြီးသား သမိုင်းဝင် ချစ်ကြည်ရေးနှင့် လက်တွေ့ကျသော စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းခိုင်မာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။

#Falcon_Strike_2026