အင်ဒိုနီးရှား ကူးတို့ သင်္ဘောမီးလောင်၊ အနည်းဆုံး လူ ၅ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်။ 

အင်ဒိုနီးရှားနိုင်ငံ ပင်လယ်ပြင်အတွင်း အနည်းဆုံး လူပေါင်း ၂၅၀ ကျော် လိုက်ပါလာသည့် ကူးတို့သင်္ဘောတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် နည်းဆုံး လူ ၅ ဦး သေဆုံးပြီး ၄၁ ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါ ကူးတို့သင်္ဘောမှာ အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ဂျာဗားအရှေ့ပိုင်း ဆူရာဘာယာ (Surabaya) မြို့မှ ဆူလာဝေစီတောင်ပိုင်း မကာဆာ (Makassar) မြို့သို့ ထွက်ခွာလာစဉ် မာဒူရာ (Madura) ကျွန်းအလွန် ပင်လယ်ပြင်၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီ (Basarnas) က သတင်းထုတ်ပြန်သည်။ 

သင်္ဘောကပ္ပတိန်က မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းပို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှား ဒေသတွင်းသတင်းဌာန iNews က ထုတ်လွှင့်ပြသခဲ့သည့် ရုပ်သံမှတ်တမ်းများတွင် သက်ကယ်အင်္ကျီ ဝတ်ဆင်ထားသူ အများအပြားကို ကယ်ဆယ်ရေးလှေပေါ်၌ တွေ့ရှိရသည်။ 

ထို့ပြင် အခြားရုပ်သံဖိုင်များ၌ သင်္ဘောအထက်ပိုင်းမှ မီးလျှံများနှင့် မီးခိုးလုံးများ အလိပ်လိုက် ထွက်ပေါ်နေချိန်တွင် ပြည်သူများ သင်္ဘောပေါ်မှ အောက်သို့ တွယ်ဆင်းနေကြပုံများကိုလည်း တွေ့မြင်ရသည်။

Basarnas အေဂျင်စီက ယင်းတို့၏ TikTok လူမှုကွန်ရက်စာမျက်နှာတွင် လွှင့်တင်ခဲ့သည့် ဗီဒီယိုနှင့် ထုတ်ပြန်ချက်အရ ဂျာဗားစံတော်ချိန် နံနက် ၈ နာရီ ၂၄ မိနစ် (GMT ၀၂:၂၄) တွင် လူစီးကူးတို့သင်္ဘောဖြစ်သော KMP Mutiara Sentosa 2 မီးလောင်နေကြောင်း ဆူရာဘာယာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးက သတင်းရရှိခဲ့ခြင်းဖြစ်သည်။ 

သင်္ဘောကုမ္ပဏီ၏ သတင်းအချက်အလက်များအရ မီးလောင်မှုမှာ နံနက် ၆ နာရီမှ ၇ နာရီ (GMT ၀၀:၀၀ မှ ၀၁:၀၀) အကြားတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

နောက်ပိုင်းတွင် ကူးတို့သင်္ဘောမှာ “တစ်စီးလုံးနီးပါး မီးဟုန်းဟုန်းတောက် လောင်ကျွမ်းခဲ့သည်” ဟု Basarnas အေဂျင်စီက အတည်ပြုခဲ့ပြီး ခရီးသည်များသည် ကယ်ဆယ်ရေးကို စောင့်ဆိုင်းစဉ် သင်္ဘော၏ ထိန်းချုပ်ခန်း (Bridge) နှင့် ဦးခေါင်းပိုင်း (Bow) တို့၌ ခိုလှုံတွယ်ကပ်နေခဲ့ကြရသည်။ 

မီးလောင်မှု စတင်ဖြစ်ပွားရသည့် အကြောင်းအရင်းကိုမူ လတ်တလောတွင် မသိရှိရသေးပေ။ 

အချို့ ရုပ်သံမှတ်တမ်းများ၌ ခရီးသည်များ ပင်လယ်အတွင်းသို့ ခုန်ဆင်းနေကြသည်ကို တွေ့ရပြီး သက်ကယ်အင်္ကျီ ဝတ်ဆင်ထားသည့် လူအုပ်ကြီး စုဝေးနေစဉ် အသက်ကယ်ဘောကွင်းများ ပစ်ချပေးနေသည်ကိုလည်းကောင်း၊ ထို့နောက် ၎င်းတို့အား ကယ်ဆယ်ရေးသင်္ဘောပေါ်သို့ တင်ဆောင်သွားသည်ကိုလည်းကောင်း တွေ့ရှိရသည်။