တရုတ်၏ စစ်ရေး လှုပ်ရှားမှုသည် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်သည်ဟု ဂျပန် ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်။

ဂျပန်အစိုးရသည် စာမျက်နှာ ၅၉၈ မျက်နှာပါဝင်သော အမျိုးသား ကာကွယ်ရေး အစီရင်ခံစာ (Defense White Paper) ကို အင်္ဂါနေ့တွင် တရားဝင် ထုတ်ပြန်လိုက်ပြီး တရုတ်နိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများသည် ဂျပန်နိုင်ငံအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ကြောင်း ဖော်ပြလိုက်သည်။

အဆိုပါ အစီရင်ခံစာတွင် ယူကရိန်းနှင့် အရှေ့အလယ်ပိုင်း စစ်ပွဲများ၌ သုံးစွဲနေသည့် ဒရုန်း နည်းပညာများနှင့် အတုပြုလုပ်ထားသော ဉာဏ်ရည် (AI) တို့ကို အသုံးချ၍ စစ်ရေးစွမ်းရည် တိုးမြှင့်သွားမည်ဟု ပါဝင်သည်။

အထူးသဖြင့် ပစိဖိတ်သမုဒ္ဒရာအတွင်း တရုတ်စစ်သင်္ဘောများ လှုပ်ရှားမှု များပြားလာခြင်း၊ တိုင်ဝမ်အရေး တင်းမာလာခြင်းနှင့် ဂျပန်နိုင်ငံ၏ လူဦးရေ လျှော့နည်းလာခြင်းတို့ကြောင့် စစ်ရေး တည်ဆောက်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ထောက်ပြထားသည်။

မကြာသေးမီက ဂျပန်နိုင်ငံ၏ တိုမာဟော့ခ် (Tomahawk) ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ညီမဖြစ်သူ ကင်မ်ယိုးဂျုံက ဝေဖန်ရှုတ်ချခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြသည်။

တစ်ချိန်တည်းတွင် ဂျပန်နိုင်ငံသည် ပြည်တွင်း လက်နက်ထုတ်လုပ်မှု ကဏ္ဍကို မြှင့်တင်လျက်ရှိပြီး ဩစတြေးလျ၊ နယူးဇီလန်နှင့် ဖိလစ်ပိုင် အပါအဝင် အိမ်နီးချင်း နိုင်ငံများသို့ စစ်သင်္ဘောများနှင့် ကာကွယ်ရေး နည်းပညာများ စတင် ရောင်းချပေးနေပြီဖြစ်သည်။

အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်၍ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ဂျပန်နိုင်ငံသည် စစ်အင်အား တိုးချဲ့ရန်အတွက် မဟုတ်မမှန် သတင်းများဖြင့် ဆင်ခြေပေးနေခြင်းဖြစ်ကြောင်း ချက်ချင်း တုံ့ပြန် ကန့်ကွက်ခဲ့သည်။