နအူရူး ကျွန်းနိုင်ငံက တရားဝင် နိုင်ငံအမည်အား “နာအိုအဲရိုး” ဟု ပြောင်းလဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်။
ကမ္ဘာပေါ်တွင် တတိယမြောက် အသေးငယ်ဆုံး ကျွန်းနိုင်ငံဖြစ်သည့် နအူရူး (Nauru) နိုင်ငံသည် ၎င်းတို့၏ မူရင်း ဘာသာစကား အခေါ်အဝေါ်အတိုင်း “နာအိုအဲရိုး သမ္မတနိုင်ငံ” (Republic of Naoero) ဟု တရားဝင် နိုင်ငံအမည် ပြောင်းလဲလိုက်ကြောင်း သမ္မတ ဒေးဗစ် အာဒီယန်း (David Adeang) က ကြေညာခဲ့သည်။
အဆိုပါ နိုင်ငံသည် ဗာတီကန်စီးတီးနှင့် တူဗာလူး နိုင်ငံတို့ပြီးလျှင် လူဦးရေအရ ကမ္ဘာ့တတိယ အသေးငယ်ဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ ၁၂,၀၀၀ နီးပါး ရှိသည်။
အမည်ပြောင်းလဲလိုက်ခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ အတိုကောက် သင်္ကေတမှာ NRU အစား NRO ဖြစ်လာမည်ဖြစ်ပြီး နိုင်ငံသားများကိုလည်း dei-Naoero ဟု ခေါ်ဆိုသွားမည် ဖြစ်သည်။
အဆိုပါ အမည်ပြောင်းလဲမှုကို ပါလီမန် အတည်ပြုချက်၊ အဓိက နိုင်ငံတကာ အဖွဲ့အစည်းများ၏ အသိအမှတ်ပြုမှုတို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂ (UN)၊ အမေရိကန်၊ တရုတ်၊ ဩစတြေးလျနှင့် ဖီဂျီ နိုင်ငံတို့ကလည်း ၎င်းတို့၏ တရားဝင် ဝဘ်ဆိုက်များတွင် Naoero ဟု ပြောင်းလဲသုံးစွဲနေပြီ ဖြစ်သည်။
ယင်းကျွန်းနိုင်ငံသည် ၁၉၆၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီး ၁၉၇၀ ပြည့်လွန်နှစ်များက ဖော့စဖိတ် (Phosphate) သတ္တု တူးဖော်မှုကြောင့် ချမ်းသာကြွယ်ဝခဲ့သော်လည်း လက်ရှိတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေထုမြင့်တက်လာသည့် အန္တရာယ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေရသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။