သေဒဏ်ချခံထားသည့်ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း နေရပ်ပြန်မည်ဟု ကြေညာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။ 

အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ (Sheikh Hasina) က လာမည့် ဒီဇင်ဘာလတွင် နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ရှိတ်ဟာစီနာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း လူပေါင်း ၁,၄၀၀ နီးပါး သေဆုံးခဲ့ရသည့် လူငယ်များဦးဆောင်သော ဆန္ဒပြမှုများအပြီး အိန္ဒိယ နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ 

ရာထူးမှ ဖယ်ရှားခံရခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ပြုလုပ်ခဲ့သော ၎င်း၏ ပထမဆုံးအကြိမ် လူသိရှင်ကြား မိန့်ခွန်းပြောကြားမှုတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်သော ရှိတ်ဟာစီနာက မိမိအနေဖြင့် ဖမ်းဆီးခံရမည် သို့မဟုတ် ထောင်ကျမည်ဆိုလျှင်ပင် ပြည်သူများထံသို့ ပြန်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာခုံရုံးက ဟာစီနာအား လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် မျက်ကွယ်သေဒဏ် ချမှတ်ခဲ့ပြီး ၎င်း၏ အာဝါမီလိဂ် (Awami League) ပါတီကိုလည်း ဖျက်သိမ်းခဲ့သည်။ 

ထို့ကြောင့် ၎င်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ခြေချသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ဖမ်းဆီးခံရမည့် အခြေအနေတွင် ရှိနေသည်။