မကွေး-ရခိုင်အစပ် တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်။

မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်တပ် က အမ်းမြို့နယ်အတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ထိုးစစ်စတင်သည့် လှုပ်ရှားမှုအချို့ ရှိလာကြောင်း ဒေသခံ စစ်ရေးသတင်း အရင်းအမြစ်များက ပြောသည်။

ဩဂုတ်လ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ အဆိုပါ နယ်စပ်တစ်လျှောက် တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ကာ နတ်ရေကန် တောင် ပတ်ဝန်းကျင်နေရာများကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 

ထို့ပြင် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာရှိ ပြည်သူများနေထိုင် ရာ နေရာသို့ ဩဂုတ်လ ၈ ရက် ည ၉ နာရီခွဲခန့်တွင် စစ်တပ်က ညအချိန် ဗုံး ၂ လုံး ကြဲချခဲ့သည်။

လေကြောင်းမှ ဗုံးကြဲချမှုကြောင့် တလိုင်းတောင်ကျေးရွာရှိ ကိုအောင်ပိုင် မိသားစုပိုင်ဆိုင်သည့် နေအိမ်နှင့် ကား ဝပ်ရှော့ အလုပ်ရုံအဆောင်တို့ လုံးဝပျက်စီးသွားခဲ့ပြီး အိမ်အတွင်းရှိ ကိုအောင်ပိုင်၏ မိခင်ဖြစ်သူ ဒေါ်မလေးငယ် (၆၇ နှစ်) နှင့် ကားဝပ်ရှော့အလုပ်သမား မောင်မောင်ဉာဏ် (၂၃ နှစ်) တို့ ၂ ဦးမှာ ဗုံးစထိမှန်၍ သေဆုံးသွားခဲ့သည်။ 

ဖြစ်စဉ်ကို သိရှိသည့် ဒေသခံတစ်ဦးက ညဘက်ပိုင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလိုက်တာဆိုတော့ ကိုအောင်ပိုင် တို့ မိသားစု အိမ်နဲ့ ကားဝပ်ရှော့ပါ လုံးဝ ပျက်စီးသွားတယ်။ အိမ်ထဲမှာရှိတဲ့ မိခင်ဖြစ်သူနဲ့ ဝပ်ရှော့အလုပ်သမား မောင်မောင်ဉာဏ်တို့ ၂ ယောက်ကတော့ ဗုံးစထိပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ရတယ် ဟု ပြောသည်။

ထို့ပြင် ကိုအောင်ပိုင်၏ ဇနီး၊ သမီးနှင့် ဝပ်ရှော့အလုပ်သမား မောင်ထွန်းထွန်းဝင်းတို့ ၃ ဦးမှာလည်း ထိခိုက် ဒဏ်ရာများ ရရှိခဲ့ပြီး ကား ၅ စီး ပျက်စီးခဲ့သည်။

နတ်ရေကန်သည် မကွေးတိုင်းဒေသကြီး (ငဖဲမြို့နယ်) နှင့် ရခိုင်ပြည် (အမ်းမြို့နယ်) နယ်နိမိတ် ထိစပ်နေသည့် မင်းဘူး – အမ်း ကားလမ်းပေါ်ရှိ တောင်ကြားနယ်မြေ ဖြစ်ပြီး မကွေးတိုင်းအတွင်းသို့ စစ်ရေးအရ ဝင်ရောက်နိုင် သည့် မဟာဗျူဟာမြောက် နယ်မြေဖြစ်သောကြောင့် နှစ်ဖက်စလုံးက အရေးပါသော စစ်မျက်နှာအဖြစ် တိုက်ပွဲ များ ပြင်းထန်နေခြင်း ဖြစ်သည်။

ငဖဲမြို့နယ်ရှိ စစ်ရေးသတင်းအရင်းအမြစ်က စစ်တပ်ဘက်က ပဒါန်း ကပစ – ၁၄ ဘက်က စစ်မှုထမ်း သင်တန်း ဆင်းတွေ စစ်အင်အား ရာနဲ့ချီ စစ်ကြောင်းတွေ ခွဲပြီး နတ်ရေကန် စစ်မျက်နှာကို ဆက်တိုက် ပို့ဆောင်နေတယ်။ AA က မဟာမိတ် ပူးပေါင်းတပ်တွေက လမ်းခုလတ်က ကြားဖြတ် တိုက်တယ်။ ပိတ်ဆို့ ဟန့်တားတယ် မနိုင် တော့ စစ်တပ်ကဗုံးကြဲတယ်။ တကယ်တော့ နတ်ရေကန်ကမ္ဘာလုံး စခန်းကို အေအေလည်း မထိန်းချုပ်နိုင်သေး ဘူး။ အဲ့တော့ အမ်းကိုပါ အခု ထိုးစစ်ဆင်နေတယ်လို့ အပြကောင်းအောင် စစ်တပ်ကလုပ်လာတာပါ ဟု ပြော သည်။

စစ်တပ်သည် AA ပိတ်ဆို့ထားသည့် နတ်ရေကန်သို့ ထိုးဖောက်ရန် အပြင်းအထန် ကြိုးစားနေပြီး ပဇီနှင့် ဂုတ်ကြီး ကျေးရွာများတွင် အင်အားဖြည့်တင်း၍ ထိုးစစ်စတင်နေသည့်အပြင် Y-8 လေယာဉ်ဖြင့် လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများကို နတ်ရေကန်သို့ ဖြည့်တင်းထားကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။