အာရက္ခပြည်သူ့ကျန်းမာရေးဌာနက စစ်ရှောင် ၆၀၀ ကျော်ကို အခမဲ့ မျက်စိစမ်းသပ်ကုသပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်။
ရခိုင်ပြည်၊ စစ်တွေခရိုင်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူ ၆၇၈ ဦးကို အာရက္ခတပ်တော် (AA) ၏ ကျန်းမာရေး ဌာနက ဩဂုတ်လအတွင်း မျက်စိရောဂါ အခမဲ့ စမ်းသပ်ကုသပေးခဲ့ကြောင်း နီးစပ်သည့် ကျန်းမာရေးဝန်ထမ်း များက ပြောသည်။
ထိုသို့ မျက်စိဝေဒနာရှင် ၆၇၈ ဦးအား စမ်းသပ်ပေးခဲ့ရာတွင် မျက်စိခွဲစိတ်ရန် လိုအပ်သည့် လူနာ ၁၅၂ ဦးရှိသည့် အနက် ၅၈ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးခဲ့ပြီး မှန်တပ်ရန် လိုအပ်သည့် လူနာ ၉၆ ဦးကိုလည်း မျက်မှန် တပ်ဆင် ပေးသွားမည်ဖြစ်သည်။
ဒေသခံဆရာဝန်တစ်ဦးက “စစ်တွေခရိုင်ထဲမှာကို စမ်းသပ်ပေးတာပါ။ နေရာတော့ ပြောလို့မရပါဘူး။ မျက်စိ အခမဲ့ကုသပေးမယ့် နေရာကို လာမယ့် လမ်းစရိတ်၊ ရောက်ရင် စားစရိတ်၊ ဆေးဝါးခလည်း မယူပါဘူး။ ဒီမျက် စိအတွက် အကုန်ကျခံထားတာ တပ်တော်က စက်ပစ္စည်းတွေ၊ နည်းပညာတွေ၊ ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုတွေ ကိုပါ တွေ့ရပါတယ်။ ကျနော်တို့ ဆက်တိုက်လုပ်သွားမှာပါ” ဟု ပြောသည်။
စစ်ဘေးရှောင်များ နေထိုင်ရာ ဒေသများနှင့် အခြား လိုအပ်သည့် နေရာများတွင်လည်း မျက်စိဆရာဝန်များနှင့် ပြသရန် အခက်အခဲ ဖြစ်နေသူများအတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေး စောင့်ရှောက်မှုများ ကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနသည် ပြီးခဲ့သည့် မေလ တတိယအပတ်ကလည်း စစ်ရှောင် မျက်စိဝေဒနာရှင် ၂၂၃ ဦးကို ဒုတိယအကြိမ်အဖြစ် ကုသပေးခဲ့ရာ အပျော့စား မျက်စိအတွင်းတိမ်လူနာ ၃၃ ဦး၊ မျက်သားခြစ်လူနာ ၅ ဦးနှင့် ပါဝါမျက်မှန်တပ် လူနာ ၂၁ ဦး၊ စုစုပေါင်း ၅၉ ဦးကို ခွဲစိတ်ကုသမှုနှင့် မျက်မှန် တပ်ဆင်ပေးမှုများ ပြုလုပ် ခဲ့သည်။
ထို့ပြင် ဧပြီလ ပထမအပတ်ကလည်း စစ်ရှောင် ၂၀၀ ဝန်းကျင်အနက် ၂၇ ဦးကို ပထမအကြိမ် အခမဲ့ ခွဲစိတ်ကုသ ပေးခဲ့သေးသည်။
လက်ရှိတွင် အာရက္ခတပ်တော် (AA) ၏ ကျန်းမာရေးဌာနအနေဖြင့် မျက်စိခွဲစိတ်ကုသပေးခြင်းအပြင် သွား ရောဂါ ကုသခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်း၊ မိခင်နှင့် ကလေး ကျန်းမာရေး စောင့်ရှောက်မှု၊ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အထွေထွေရောဂါ ကုသမှုများကို ဒေသတွင်း ဆောင်ရွက်ပေးလျက် ရှိသည်။
ရမ်းဗြဲဒေသခံ အမျိုးသမီးတစ်ဦးက “ဆေးဝါးတွေ ရှားပါးနေပေမယ့် အခုလိုကွင်းဆင်းပြီးကုပေးတော့ ကလေး တွေနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် အဆင်ပြေပါတယ်။ ပုံမှန်ဆေးထုတ်ဖို့လည်း နေရာတွေ ပြောခဲ့တာ ရှိပါ တယ်” ဟု သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနကို ဇွန်လတွင် ပြောဆိုထားသည်။
ရခိုင်ပြည်အတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများကို စစ်တပ်က အလုံးစုံဖြတ်တောက်ထား သဖြင့် ဆေးဝါးပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသော ဒေသခံပြည်သူများမှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အာရက္ခတပ်တော် (AA) ၏ အခမဲ့ဆေးကုသပေးမှုများကိုသာ အဓိကအားထားနေကြရခြင်း ဖြစ်သည်။