ရှမ်းမြောက် မဘိမ်းတွင် စစ်တပ်က ဗုံးကြဲသဖြင့် အရပ်သား ၄ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။
ရှမ်းပြည်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်အတွင်း စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ၁၂ ရက် အတွင်း အရပ်သား ၄ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF) က ပြောသည်။
စစ်တပ်သည် အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကို ဇူလိုင်လ ၂၈ ရက်နေ့မှ ဩဂုတ်လ ၈ ရက်နေ့ အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများ ရေဘေးဒဏ် ကြုံတွေ့နေရချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
SHRF ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က “လေကြောင်းတိုက်ခိုက်မှုကတော့ ဆက်တိုက်လုပ်နေတာပေါ့ နော်။ ဆက်တိုက်လုပ်နေတာကျတော့ နှစ်ပတ် သုံးပတ်လောက်ရှိပြီရှင့်။ ကျမတို့ ဒီရဲ့ ဇူလိုင်လ နောက်ဆုံးပတ် ထဲကနေ အခုအချိန်အထိပဲ ဆက်တိုက်လုပ်တယ်။ တစ်ခါတစ်လေလည်း အရပ်သားတွေ ထိခိုက်တာရှိမယ်။ တစ်ခါတစ်လေလည်း အရပ်သားတွေ ထိခိုက်တာ မရှိဘူး။ လေကြောင်းတိုက်ခိုက်မှုကတော့ မဘိမ်းနေရာ အနှံ့မှာ ဆက်တိုက်လုပ်နေတယ်ရှင့်။ သေဆုံးတာကတော့ ၄ ဦးနဲ့ ကျမတို့ ဒဏ်ရာရတာကတော့ ၈ ဦးပါရှင့်” ဟု ပြောသည်။
ထို့ပြင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နေအိမ် အလုံး ၂၀ ခန့် ထိမှန် ပျက်စီးခဲ့ ကြောင်း SHRF က ဆိုသည်။
စစ်တပ်သည် ဩဂုတ်လ ၆ ရက်နေ့ ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့၊ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် ဆေးရုံ အဆောက်အအုံ ၃ လုံး ထိမှန် ပျက်စီးခဲ့သည်။
ဩဂုတ်လ ၃ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင်လည်း မဘိမ်းမြို့၊ ရပ်ကွက် (၂) အတွင်းသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့သည်။
အလားတူ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) တို့အား ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ် ၅ လုံးခန့် ထိမှန် ပျက်စီးခဲ့သည်။
ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခန့်ကလည်း မဘိမ်းမြို့၊ ရပ်ကွက် (၂) နှင့် ရပ်ကွက် (၃) တို့ကို စစ်အုပ်စု တပ်က Y-12 အမျိုးအစား လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ ကာ နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ကာလအတွင်း မဘိမ်းမြို့နယ်အတွင်းရှိ ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေတို့ အရှိန်အဟုန်ဖြင့် မြင့်တက်နေချိန်လည်း ဖြစ်သည်။
“တရုတ်ပြည်ဘက်ကနေမှ ကျမတို့ ရွှေလီမြစ် အထက်ပိုင်းက ဒီရဲ့ ဆည်တွေက ရေဖွင့်ချတယ်လို့ သတင်းထွက် လာတယ်။ ထွက်လာတဲ့ နောက်ပိုင်းမှာ ကျမတို့ ဒီရဲ့ မူဆယ်-နမ့်ခမ်းမှာ ရေစတက်တယ်။ အဲဒီ မူဆယ်-နမ့်ခမ်း ထဲကနေ အခု မဘိမ်း အဝန်းအဝိုင်းထဲ ရောက်လာတာပေါ့နော်။ အခုဒီလို ရွှေလီမြစ် ရေကြီးနေတဲ့ဟာကျတော့ ရေကြီးမှုကြောင့် ထိခိုက်နစ်နာတဲ့ လူဦးရေတော့ ကျမတို့လည်း မြေပြင်မှာ ဆင်းပြီး အသေးစိတ် မကောက်နိုင် လို့ ကျမတို့ မသိရဘူးပေါ့နော်။ ဒါပေမဲ့ လူဦးရေတော့ ထောင်ချီတယ်ပေါ့နော်။ လူဦးရေ ထောင်ချီတယ်။ ကျေးရွာလည်း လေး ငါးရွာ မကဘူးပေါ့နော် မြုပ်တာက၊ ဒီမြို့ပေါ် ရပ်ကွက်တွေလည်း ထိတယ်ဆိုတော့လေ” ဟု ယိင်းလျန်းဟန်က ဆက်ပြောသည်။
စစ်တပ်က လေကြောင်းမှ ဆက်တိုက် တိုက်ခိုက်နေသည့် မဘိမ်းမြို့နယ်သည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ထားသည့် နယ်မြေဖြစ်ပြီး လက်ရှိတွင် နှစ်ဖက် စစ်ရေးတင်းမာနေကာ တိုက်ပွဲ များလည်း ဖြစ်ပွားလျက်ရှိသည်။
လက်ရှိတွင် ဒေသခံ ပြည်သူများသည် ရေဘေးဒဏ်ကြောင့် စားဝတ်နေရေးနှင့် နေထိုင်ရေး အခက်အခဲများစွာ ကြုံတွေ့နေရသည့်အပြင် စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကိုပါ စိုးရိမ်ပူပန်စွာ နေ့စဉ် ရင်ဆိုင်နေကြရသည်။
ဓါတ်ပုံ – SHRF