အငြင်းပွားနေသည့်ကျွန်းစုသို့ သမ္မတပူတင် သွားရောက်မှုကို ဂျပန် ကန့်ကွက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်။
ရုရှားနှင့် ဂျပန်နိုင်ငံတို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကူရီးလ်ကျွန်းစု (Kuril Islands) သို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် ပထမဆုံးအကြိမ် သွားရောက်ခဲ့မှုအပေါ် “လုံးဝ လက်ခံနိုင်ဖွယ်မရှိကြောင်း” ဂျပန်ဝန်ကြီးချုပ် စနိုင်း တာကာအိချိ (Sanae Takaichi) က ပြင်းထန်စွာ ဝေဖန်ကန့်ကွက်လိုက်သည်။
သမ္မတပူတင်သည် ဂျပန်ဘက်က အီတိုရိုဖူ (Etorofu) ဟုခေါ်ဆိုပြီး ရုရှားဘက်က အီတူရပ်ပ့် (Iturup) ဟု ခေါ်ဆိုသော ကျွန်းသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။
အဆိုပါခရီးစဉ်သည် ဂျပန်ပြည်သူများ၏ ခံစားချက်ကို ထိခိုက်စေပြီး ရုရှားအပေါ်ထားရှိသည့် သဘောထားကို ပိုမိုဆိုးရွားစေကြောင်း၊ ထိုကျွန်းစုများသည် သမိုင်းကြောင်းအရရော အပြည်ပြည်ဆိုင်ရာ ဥပဒေအရပါ ဂျပန်နိုင်ငံ၏ ပိုင်နက်နယ်မြေဖြစ်ကြောင်း ဝန်ကြီးချုပ် တာကာအိချိက ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည်။
ဒုတိယကမ္ဘာစစ်အပြီးတွင် ဆိုဗီယက်ယူနီယံက အဆိုပါကျွန်းစုများကို သိမ်းပိုက်၍ ဒေသခံ ဂျပန်နိုင်ငံသား ၁၇,၀၀၀ ခန့်ကို နှင်ထုတ်ခဲ့သည်။
ယင်းပိုင်နက်အငြင်းပွားမှုကြောင့် ယနေ့ထက်တိုင် နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးစာချုပ် မချုပ်ဆိုနိုင်သေးပေ။
ဂျပန်ဘက်က မြောက်ပိုင်းနယ်မြေများ (Northern Territories) ဟု ခေါ်ဆိုသော ထိုကျွန်းစုများသည် ရုရှားအတွက် စစ်ရေးအရ အဓိကဗျူဟာမြောက် နယ်မြေတစ်ခု ဖြစ်သည်။
Photo:Reuters