ရခိုင်တောင်ပိုင်း စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲမှုကြောင့် မိသားစုဝင်များအပါအဝင် ၈ ဦး သေဆုံး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။
တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ရခိုင်ပြည် ဂွမြို့နယ်နှင့် ကျိန္တလီမြို့တို့အား စစ်တပ်က ညအချိန်တွင် ဂျက်ဖိုက်တာ ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၈ ဦး အစုလိုက်အပြုံ လိုက် သေဆုံးခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက် ည ၁၁ နာရီခွဲခန့်တွင် ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်၊ မေတ္တာပေါင်းကူးလမ်း ပေါ်ရှိ လူနေရပ်ကွက်အတွင်းသို့ စစ်အုပ်စု၏ လေတပ်မှ ဂျက်တိုက်လေယာဉ်တစ်စီးက ဗုံးသီး ၂ လုံး ကြဲချခဲ့ ခြင်း ဖြစ်သည်ဟု အာရက္ခတပ်တော် (AA) က ဩဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အတွင်း အိပ်မောကျနေသည့် ဒေါ်ခင်မိုးရွှေ (၆၀ နှစ်)၊ ဒေါ်ခင်စန္ဒာထွန်း (၄၅ နှစ်)၊ ဦးထွန်းလင်း (၄၆ နှစ်)၊ မဖြိုးဖြိုးကျော် (၃၆ နှစ်)၊ မောင်မင်းဝေခန့် (၃၅ နှစ်)၊ မဝင်းအိကျော် (၂၆ နှစ်)၊ မောင်ဉာဏ်လင်းသန့် (၁၂ နှစ်) နှင့် မောင်နေလင်းသန့် (၇ နှစ်) တို့မှာ နေရာတွင်ပင် သေဆုံးသွားခဲ့ကြရသည်။
ရခိုင်က ပရဟိတသမား တစ်ဦးက “မြေပြင်မှာ မယှဉ်နိုင်တိုင်း လေကြောင်းကနေ ဒီလိုပဲ အကြမ်းဖက်နေတာ။ အခုဆိုရင် ဒေသခံတွေ မအိပ်ရဲတော့ဘူး။ ညအချိန် လေယာဉ်သံကြားတာနဲ့ ဘယ်ပြေးရမှန်းမသိအောင် လေ ကြောင်းရန်ကို အမြဲ ကြောက်လန့်နေရတယ်။ အခုဆိုရင် လေယာဉ်ဗုံးကြဲတဲ့ သတင်းတွေက ဆက်တိုက် ဖြစ်နေ တော့ အဲ့ဒီအသံကို မကြားချင်တော့တာ” ဟု ဖြည့်စွက်ပြောဆိုသည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား နေအိမ် ၅ လုံးနှင့် သုံးဘီးဆိုင်ကယ် ၁ စီး ပျက်စီးသွားခဲ့ပြီး အခြား ထိခိုက်ဒဏ်ရာရရှိသူများနှင့် အပျက်အစီး စာရင်းများကိုလည်း ထပ်မံစုံစမ်းလျက်ရှိသည်။
ထို့ပြင် ဩဂုတ်လ ၁၃ ရက်နေ့၊ ည ၁၀ နာရီ ၅၅ မိနစ်အချိန်ခန့်ကလည်း ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာသို့ စစ်တပ်က ဂျက်တိုက် လေယာဉ်တစ်စီးဖြင့် ဗုံးကြဲချခဲ့သေးသော်လည်း အရပ်သား ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ် ပျက်စီးမှု မရှိခဲ့ပေ။
လက်ရှိတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား မြေပြင်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲတိုင်းတွင် အထိနာနေသည့် စစ်တပ်သည် ရှုံးမဲမဲ၍ အရပ်သားပြည်သူများ နေထိုင်ရာ ဒေသများကို နေ့ည မရွေး လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်လာနေသည်။
ရခိုင်စာရေးဆရာ ကိုဝေဟင်အောင်က “ရွေးတု အစိုးရဟာ ရခိုင်ပြည်ထဲက သံတွဲမြို့နယ်၊ ဂွမြို့နယ်တို့ကို အဓိက ပြန်သိမ်းယူနိုင်ဖို့ နည်းလမ်း ပေါင်းစုံနဲ့ ကြိုး စားနေတယ်။ အောက်တန်းကျတဲ့ နည်း လမ်း ပေါင်းစုံ သုံး နေတယ်။ ဒီအထဲမှာ အယုတ်ညံ့ဆုံးနည်းက ပြည်သူ တွေ နေတဲ့ နေရာကို ရည်ရွယ်ချက်ရှိရှိ လေ ယာဥ်နဲ့ ဗုံးကြဲ သတ်ဖြတ်တာဖြစ်တယ်” ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်တွင် ရေးထားသည်။
စစ်တပ်၏ ယခုကဲ့သို့ စစ်ရာဇဝတ်မှုမြောက်သည့် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုဆက်တိုက် ပြုလုပ်လာ နေသည့်အတွက် အာရက္ခဒေသတစ်ခုလုံးရှိ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို သတိထားကြရန် သက်ဆိုင်ရာ အာရက္ခတပ်တော် (AA) က အသိပေး နှိုးဆော်ထားသည်။