မြစ်ဆုံစီမံကိန်း ပြန်စရန် စစ်အုပ်စုက လူထုစည်းရုံးမှုများ အရှိန်မြှင့်လုပ်ဆောင်နေဟု KHRW ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။

တစ်နိုင်ငံလုံး၏ ဂေဟစနစ်၊ လူမှုဘဝနှင့် အမျိုးသားလုံခြုံရေးကို ထိခိုက်လာနိုင်သည့် ဧရာဝတီမြစ်ဆုံ ရေအား လျှပ်စစ်စီမံကိန်းကို ပြန်လည်စတင်နိုင်ရန်အတွက် စစ်အုပ်စုက လူထုစည်းရုံးလှုံ့ဆော်မှုများကို အရှိန်အဟုန်မြှင့် ပြုလုပ်လာနေကြောင်း ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) က ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက စစ်အုပ်စုခေါင်းဆောင် ဦမင်းအောင်လှိုင်နှင့် စစ်အုပ်စု၏ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန် နန်တို့ အဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် စီမံကိန်း ပြန်လည်အကောင်အထည် ဖော်နိုင်ရေးအတွက် ပြည်သူလူထုအား စည်းရုံးမှုများကို ကြိုးပမ်းလာခြင်း ဖြစ်သည်။

KHRW ပြောရေးဆိုခွင့်ရှိသူ ဂျေကော့က စစ်တပ်ကတော့ မြစ်ဆုံရေကာတာ စီမံကိန်း ဖော်ဆောင်ဖို့ရန်အတွက် လူထုစည်းရုံးရေး လုပ်ဆောင်နေတာကတော့ ကြာပါပြီ။ ဒီတရုတ်ပြည်ကနေ ပြန်လာတဲ့အချိန်မှာ မြစ်ဆုံ ရေကာတာ စီမံကိန်းကို အကောင်အထည်ဖော်ရန် ဆက်လက် ပြီးမှ ပြည်သူလူထုတွေကို စည်းရုံး လုပ်ဆောင် နေတာကို တွေ့ရတယ်။ ဒီမြေပြင်မှာဆိုရင် ပြည်သူလူထုတွေကို စည်းရုံးရေး အပြင်းအထန် လုပ်ဆောင်နေတာ တွေ့ရတယ်။ ပြီးတော့ ဒီ တရုတ်ရဲ့ ထောက်ခံမှု ရရှိရန်အတွက် ဆက်လက်ပြီးမှ သူတို့ လူထုစည်းရုံးတွေ တခြား နည်းလမ်းတွေပေါ့နော် သူတို့ လုပ်ဆောင်နေတာကို တွေ့ရပါ တယ်ဗျဟု ပြောသည်။

အဆိုပါ မြစ်ဆုံစီမံကိန်းသည် ဧရာဝတီမြစ်ကို မှီခိုနေရသည့် ပြည်သူများ၏ ရှင်သန်ရပ်တည်ရေး၊ အမျိုးသား လုံခြုံရေးနှင့် တစ်နိုင်ငံလုံး၏ အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်လာနိုင်သောကြောင့် စစ်အုပ်စု၏ စည်းရုံး လှုံ့ဆော်မှုများတွင် ပါဝင်ခြင်းမရှိကြရန် KHRW က ပြည်သူလူထုအား တောင်းဆိုထားသည်။

ထို့ပြင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် ကချင်လူမျိုးများ၏ ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းလာခဲ့ကြ သည့် ဒေသဆိုင်ရာ အမွေအနှစ်များ ပျက်စီးမည့်အပြင် ဂေဟစနစ်နှင့် မြစ်အောက်ပိုင်း စိုက်ပျိုးရေးအပေါ် ပြင်ဆင်ရခက်သည့် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများကလည်း ထောက်ပြထား ကြသည်။

လက်ရှိတွင် စစ်အုပ်စုသည် မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီကို အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်း ထားပြီး လူထုစည်းရုံးရေး လုပ်ငန်းများကို အဓိကထား ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကော်မတီသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မြစ်ကြီးနားမြို့ပေါ်ရှိ ဒူကထောင်နှင့် ပလန အစရှိသည့် ရပ်ကွက်များတွင် လူထုစည်းရုံးလှုံ့ဆော်မှုများကို ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း နီးစပ်သူများက ပြောသည်။ 

ထို့ပြင် ကချင်ပြည်အတွင်း၌ လူထုစည်းရုံးလှုံ့ဆော်မှုများကို အကြိမ် ၅၀ ထက်မနည်း ဆက်လက်ပြုလုပ်သွားရန် စစ်အုပ်စုက ပြင်ဆင်ထားသည်ဟု KHRW က ဆိုသည်။

ဂျေကော့က ဒီလိုမျိုးအချိန်မှာ သူတို့က ၅၀ ကြိမ်ထက်မနည်းပေါ့နော် ပြန်ပြီးမှ လုပ်ဆောင်ဖို့ သူတို့ရှိတယ်ဆို တာကို ကျနော်တို့ သိရတယ်။ ဒီ မြစ်ဆုံရေကာတာ စီမံကိန်းကို ဖော်ဆောင်ဖို့ရန်အတွက် လူထုစည်းရုံးရေး လုပ် ဆောင်ဖို့ တားဂတ်ထားတာက ဒီမြစ်ကြီးနားမှာရှိတဲ့ ရပ်ကွက်တိုင်းပေါ့နော်။ ပြီးတော့ ဒီဝိုင်းမော်ဖက်မှာပေါ့ နော် သူတို့ ဒီဖက်မှာ လုပ်ဆောင်ဖို့ လုပ်ဆောင်လာဖို့ ကျနော်တို့ သိရပါတယ်ခင်ဗျာ ဟု ဆက်ပြောသည်။

စစ်အုပ်စုက ပြန်လည်စတင်ရန် ပြင်ဆင်နေသည့် ဧရာဝတီမြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းတွင် စီမံကိန်းကြီး ၇ ခု ပါဝင်ပြီး ယင်းတို့မှာ ချီဖွေဆည်၊ လိုင်ဇာ (မလိယန်) ဆည်၊ အူဆောက်ဆည်၊ ခေါင်လန်ဖူး ဆည်၊ ရီနန်ဆည်၊ ဖီဆော်ဆည်နှင့် ဧရာဝတီမြစ်ဆုံဆည်တို့ ဖြစ်ကြသည်။