နတ်ရေကန်စစ်မျက်နှာ တိုက်ပွဲပြင်းထန်၊ စစ်တပ်ဘက်က အယောက် ၄၀ ခန့် သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်။
မကွေးတိုင်း၊ ပဒါန်းတပ်နယ်အတွင်းရှိ နတ်ရေကန်စစ်မျက်နှာတွင် စစ်တပ်မှ အင်အားဖြည့်တင်း၍ ထိုးစစ်ဆင် လာသဖြင့် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်အုပ်စုတပ်ဘက်မှ အရာရှိများအပါအဝင် အကျအဆုံး များပြားနေကြောင်း ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
စစ်တပ်သည် နတ်ရေကန်လမ်းကြောင်းအား စိုးမိုးနိုင်ရေးနှင့် နတ်ရေကန် ကမ္ဘာလုံးဗျူဟာစခန်းကုန်းတွင် ပိတ်မိ နေသည့် စစ်သည်များကို ဖောက်ထွက်နိုင်ရေးအတွက် အင်အား ၁,၀၀၀ (တစ်ထောင်) နီးပါးဖြင့် အင်အားဖြည့် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
အဆိုပါ ထိုးစစ်အတွင်း အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် AA ထိန်းချုပ်ထားသော နတ်ရေကန်ဗျူဟာ ကုန်း ဝန်းကျင်သို့ စစ်ကြောင်းထိုးလာသဖြင့် ဩဂုတ်လ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဗျူဟာကုန်းနှင့် ၅ မိုင်ခန့် ကွာဝေးသည့် ဂုတ်ကြီးကျေးရွာ ဝန်းကျင်၌ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
ပဒါန်းမြို့နယ်မှ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “နတ်ရေကန် ဗျူဟာကုန်းမှာ စစ်သားတွေ ပိတ်မိနေတာကနေ ဖောက်ထွက်ဖို့ လုပ်လာတာပါ။ အဲ့ဒီနေရာကို စစ်တပ်စစ်ကြောင်းက ရသလိုထိုးနေတော့ အေအေကလည်း ကြားကနေ ဖြတ်တိုက်နေတာ။ ဒီရက်ပိုင်း နတ်ရေကန်ဘက်ကို တောင်ပေါ်လမ်းအတိုင်း တက်လာတာဖြစ်ပါတယ်။ စစ်တပ်အင်အား တစ်ရာကျော်ကို ဂုတ်ကြီးရွာအကျော်မှာ အေအေက ဖြတ်တိုက်လို့ အရာရှိတွေအပါအဝင် အယောက်လေးဆယ် ကျတယ်လို့ သိထားပါတယ်” ဟု ပြောသည်။
လက်ရှိတွင် နတ်ရေကန် စစ်မျက်နှာ၌ အမှတ် (၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) နှင့် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၀) မှ မြေပြင်တပ်များဖြင့် တပ်ဖြန့်ကျက်ထားပြီး စကခ-၁၀ မှ သင်တန်း ဆင်း တပ်သားသစ်များ အမြောက်အမြား ပါဝင်နေသည်။
ထို့ပြင် နတ်ရေကန်ဗျူဟာ၏ အရှေ့ဘက် တောင်ခြေအနီးရှိ ပဒုံကျေးရွာ၊ ဘုတ်ကျေးရွာ၊ ဇင်းပြွန်းကျေးရွာနှင့် တုံးကြီးကျေးရွာတို့တွင်လည်း စစ်ရေးတင်းမာလျက်ရှိပြီး အချို့နေရာများ၌ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။
ဒေသခံတစ်ဦးက “နတ်ရေကန်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်ပြီး စစ်တပ်ဘက်က အထိနာလာတိုင်း အရပ်သား တွေ နေတဲ့နေရာတွေကို လေကြောင်းကနေ လာကြဲတာ။ ဩဂုတ် ၈ ရက်ကလည်း တလိုင်းတောင်ရွာကို ဂျက် ဖိုက်တာနဲ့ ဗုံးကြဲလို့ ရွာသား ၂ ယောက် သေပြီး ၃ ယောက် ဒဏ်ရာရသွားတယ်။ အခုလည်း လေယာဉ်သံ နေ့တိုင်း ကြားနေရတာဆိုတော့ ဘာဖြစ်မလဲဆိုပြီး အမြဲ ရင်တမမနဲ့ စိုးရိမ်နေရတယ်” ဟု ပြောသည်။
တိုက်ပွဲအတွင်း ကျဆုံးသွားသည့် စစ်တပ်ဖွဲ့ဝင် အလောင်းအချို့ကို လေကြောင်းပစ်ကူ၊ စစ်ကြောင်းတပ်ကူများ ဖြင့် ပြန်လည်ဆွဲထုတ်ကာ ပဒါန်းမြို့နယ်၊ ဆုံကုန်းကျေးရွာအနီးရှိ မစခ-၉၀၅ သို့ စစ်ကားများဖြင့် သယ်ဆောင် နေရကြောင်းနှင့် ဇင်းပြွန်း လက်နက်ကြီးအထိုင်စခန်းတွင်လည်း ဒဏ်ရာရ စစ်အုပ်စုတပ်သည်အချို့ ရောက်ရှိ နေကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ နတ်ရေကန် စစ်မျက်နှာသို့ ဆုံကုန်းအခြေစိုက် အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅) မှနေ၍ ရိက္ခာ၊ ခဲယမ်းနှင့် စစ်ယာဉ်တန်းများကို ယခုရက်ပိုင်းအတွင်း ဆက်တိုက် ပို့ဆောင်ပေးလျက်ရှိသည်။
ဓါတ်ပုံ – (ပုံဟောင်း – Crd)