ဗြိတိန်တွင် ခိုလှုံခွင့်တောင်းခံသူများ လိုက်နာရန် ပြုမူနေထိုင်မှု လမ်းညွှန်ချက် ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်။ 

ဗြိတိန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန (Home Office) သည် နိုင်ငံအတွင်း ရောက်ရှိနေသည့် ခိုလှုံခွင့်တောင်းခံသူများ လိုက်နာရမည့် ပြုမူနေထိုင်ရေးဆိုင်ရာ လမ်းညွှန်စာအုပ်ငယ်ကို ထုတ်ပြန်လိုက်သည်။

စာမျက်နှာ (၉) မျက်နှာပါဝင်သည့် အဆိုပါ လမ်းညွှန်တွင် ဗြိတိန်နိုင်ငံ၏ ဥပဒေနှင့် ဓလေ့ထုံးစံများသည် လျှောက်ထားသူများ၏ မိခင်နိုင်ငံများနှင့် ကွဲပြားနိုင် သဖြင့် ပြည်သူ့နီတိ၊ အမျိုးသားနှင့် အမျိုးသမီး တန်းတူအခွင့်အရေး၊ လိင်ပိုင်းဆိုင်ရာ သဘောတူညီချက် စသည့် အကြောင်းအရာများကို အဓိက ထည့်သွင်းဖော်ပြထားသည်။ 

အထူးသဖြင့် ပြည်သူ့နီတိနယ်ပယ်တွင် လမ်းသွားလမ်းလာများကို လှောင်ပြောင်ခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ရာဂပါသည့် စကားများ ပြောဆိုခြင်း မပြုရန် တားမြစ်ထားသည်။ 

ထို့အပြင် ဗြိတိန်နိုင်ငံတွင် အမျိုးသမီးများသည် အမျိုးသားများ၏ ခွင့်ပြုချက်မလိုဘဲ အလုပ်လုပ်ပိုင်ခွင့်၊ ပညာသင်ယူပိုင်ခွင့်နှင့် ခရီးသွားလာပိုင်ခွင့် အပြည့်အဝရှိကြောင်း အသိပေးထားသည်။

အဆိုပါ ဥပဒေနှင့် လမ်းညွှန်ချက်များကို ဖောက်ဖျက်ပါက ရဲတပ်ဖွဲ့၏ အရေးယူမှုကို ခံရမည့်အပြင် ခိုလှုံခွင့် ထောက်ပံ့ကြေးများ ဆုံးရှုံးခြင်း၊ ခိုလှုံခွင့် လျှောက်ထားမှုကို ထိခိုက်ခြင်းနှင့် ပြည်နှင်ဒဏ်ပေးခံရခြင်းတို့ ကြုံတွေ့ရနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးထားသည်။

ယခု ထုတ်ပြန်ချက်အပေါ် အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီနှင့် Reform UK ပါတီတို့က ဝေဖန်ခဲ့ပြီး ဥပဒေချိုးဖောက်သူများကို သင်တန်းပေးနေရုံဖြင့် မလုံလောက်ဘဲ ပြည်နှင်ဒဏ် ချက်ချင်းပေးသင့်ကြောင်း ပြောကြားခဲ့သည်။ 

ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ ဗြိတိန်တွင် ခိုလှုံခွင့်လျှောက်ထားသူ ၉၃,၀၀၀ ကျော်ရှိခဲ့ကာ ယခင်နှစ်ထက် ၁၂ ရာခိုင်နှုန်း လျော့ကျသွားကြောင်းနှင့် တရားမဝင် လာရောက်သူများနှင့် ရာဇဝတ်မှုကျူးလွန်သူ အမြောက်အမြားကို မူလနိုင်ငံများသို့ ပြန်လည်နှင်ထုတ်ခဲ့ပြီးဖြစ်သည်။