မီဒီယာများအတွက် နည်းပညာကုမ္ပဏီကြီးများကို အခွန်ကောက်မည့် ဥပဒေ ဩစတြေးလျ အတည်ပြု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်။
ဒေသတွင်း မီဒီယာသတင်းဌာနများနှင့် စီးပွားရေးအရ သဘောတူညီချက် မယူဘဲ သတင်းများကို အသုံးပြုနေသည့် နည်းပညာကုမ္ပဏီကြီးများကို အခွန်ကောက်ခံတော့မည့် ဥပဒေကို ဩစတြေးလျနိုင်ငံက ကြာသပတေးနေ့တွင် အတည်ပြုလိုက်သည်။
“သတင်းအကျိုးအမြတ် ခွဲဝေမှုဆိုင်ရာ ဥပဒေ” အရ Meta၊ Google၊ TikTok နှင့် LinkedIn စသည့် အစိုးရ သတ်မှတ်ချက်မီ နည်းပညာကုမ္ပဏီကြီးများအနေဖြင့် မီဒီယာများနှင့် သဘောတူညီချက် မယူပါက ၎င်းတို့ရရှိသည့် ကြော်ငြာဝင်ငွေ၏ ၂.၅ ရာခိုင်နှုန်းကို အခွန်အဖြစ် ကောက်ယူသွားမည်ဖြစ်သည်။
ရရှိလာသည့် အခွန်ငွေများကို နည်းပညာပလက်ဖောင်းများကို လူကြိုက်များအောင် ကူညီပေးနေသည့် ဒေသတွင်း သတင်းမီဒီယာများသို့ ပြန်လည်ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
နည်းပညာကုမ္ပဏီများသည် အနည်းဆုံး မီဒီယာဌာန ၈ ခုနှင့် သဘောတူညီချက် ရယူပါက ယင်းအခွန်ပေးဆောင်ရမှုမှ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။
သတင်းဌာန အသေးစားများနှင့် ပူးပေါင်းဆောင်ရွက်ပါက ကင်းလွတ်ခွင့် အခွင့်အရေး ပိုမိုရရှိမည်ဟု ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။
နည်းပညာကုမ္ပဏီကြီးများက ကြော်ငြာအများစုကို ရယူသွားသည့်အတွက် ယခင်က ကြော်ငြာလုပ်ငန်းများဖြင့် ရှင်သန်ခဲ့သည့် သတင်းမီဒီယာများမှာ ရပ်တည်ရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။