အင်ဒိုနီးရှားတွင် တောမီးရှို့ သံသယဖြင့် လူ ၇၂ ဦးကို ဖမ်းဆီး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်။ 

အင်ဒိုနီးရှား ရဲတပ်ဖွဲ့သည် တောမီးနှင့် မြေဆီလွှာ မီးရှို့မှုဆိုင်ရာ သံသယရှိသူ ၇၂ ဦးကို တနင်္ဂနွေနေ့က ဖမ်းဆီးလိုက်သည်။ 

အဆိုပါ တောမီးများကြောင့် အန္တရာယ်ရှိသော မီးခိုးမြူထူများ ပြင်းထန်စွာ ထွက်ပေါ်ခဲ့ပြီး အိမ်နီးချင်း မလေးရှားနိုင်ငံအထိ ပျံ့နှံ့သွားခဲ့သည်။ 

အယ်လ်နီညို ရာသီဥတုနှင့် မိုးခေါင်မှုတို့ကြောင့် တောမီးလောင်ကျွမ်းမှု ပိုမို ပြင်းထန်ခဲ့ခြင်း ဖြစ်ပြီး အာဏာပိုင်များက ဆူမားတြားနှင့် ဘော်နီယို ကျွန်းပေါ်ရှိ ပြည်နယ်များတွင် အမှုပေါင်း ၈၉ မှုကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

စိုက်ပျိုးမြေရှင်းလင်းရာတွင် ကုန်ကျစရိတ် သက်သာစေရန်အတွက် တမင် မီးရှို့ခဲ့ကြခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ 

လက်တွေ့ မီးရှို့သူများအပြင် နောက်ကွယ်မှ စိုက်ပျိုးရေး ကုမ္ပဏီများနှင့် ခိုင်းစေသူများကိုပါ ဖော်ထုတ် အရေးယူနိုင်ရေး အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ငွေကြေးဆိုင်ရာ မှတ်တမ်းများကို စစ်ဆေးမှုများ ပြုလုပ်နေသည်။

Photo:Reuters