အီရန်အပေါ် အမေရိကန်ကကမ္ဘာတဝှမ်း စီးပွားရေးပိတ်ဆို့မှု ချမှတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။
အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံနှင့် စီးပွားရေး ပတ်သက်မှုရှိနေသည့် ကမ္ဘာတစ်ဝန်းရှိ အဖွဲ့အစည်းများနှင့် နိုင်ငံများအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုများကို ပြင်းထန်စွာ ပိုမိုတိုးမြှင့်လိုက်သည်ဟု ကြေညာသည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘက်ဆင့် (Scott Bessent) က အီရန်၏ ဘဏ္ဍာရေး ကွန်ရက်များကို ဖြတ်တောက်ရန် “စီးပွားရေးဆိုင်ရာ D-Day” အမည်ရှိ အရေးပေါ် ထိုးစစ်ဆင်မှုကို ကြေညာလိုက်ပြီး အီရန်နှင့် စီးပွားရေး ပတ်သက်မှုများကို အမြန်ဆုံး ဖြတ်တောက်ကြရန် သတိပေးထားသည်။
အီရန်ရဲ့ နျူကလီးယား၊ ဒုံးကျည်၊ ဆိုက်ဘာနှင့် ရေနံမှောင်ခို ကွန်ရက်များနဲ့ ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် ရေနံတင်သင်္ဘော ၆၀ နီးပါးကို အမေရိကန် ဘဏ္ဍာရေးဌာနက နာမည်ပျက် စာရင်းသွင်းအရေးယူခဲ့သည်။
ထို့ပြင် ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှု၊ နည်းပညာ၊ ရွှေ၊ လေကြောင်းနှင့် ရေကြောင်း သယ်ယူပို့ဆောင်ရေး စသည့် ကဏ္ဍ ၅ ခုကိုလည်း ဒုတိယအဆင့် ပိတ်ဆို့အရေးယူမှုများ (Secondary sanctions) ပြုလုပ်သွားမည်ဖြစ်သည်။
အမေရိကန် ဒေါ်လာအခြေပြု ဘဏ္ဍာရေးစနစ်မှ ပယ်ထုတ်မခံရရေးအတွက် အီရန်နှင့် စီးပွားရေး လုပ်ကိုင်နေသူများကို ပတ်သက်မှု ဖြတ်တောက်ရန် အချိန်အတိုင်းအတာတစ်ခု သတိပေးလိုက်ခြင်း ဖြစ်သည်။
သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင်လည်း ကမ္ဘာ့ခေါင်းဆောင်များထံ ဖုန်းဆက်၍ တောင်းဆိုလျက်ရှိသည်။
အီရန်ရေနံ အများဆုံး ဝယ်ယူနေသည့် တရုတ်နိုင်ငံနှင့် ပတ်သက်၍မူ ဘဏ်များကို တိုက်ရိုက် အရေးမယူသေးဘဲ သံခင်းတမန်ခင်း နည်းလမ်းဖြင့် သတိပေး ညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။