ညောင်တုန်း၌ တာဘောင်ပြိုကျ၍ မြို့ရွာအချို့ ရေစတင်ဝင်ရောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်။
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်အတွင်း ဧရာဝတီ မြစ်ခွဲ တိုးမြစ် တာဘောင်ကျိုးကျပြီး ရေများ ဝင်ရောက်လာသဖြင့် ဒေသခံများ စိုးရိမ်နေကြသည်။
ညောင်တုန်းမြို့နယ် ဂန်ချောင်းအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်း (ဧရာဝတီ မြစ်ခွဲ) တာမိုင် (၁၁/၆) နှင့် (၁၁/၇) အကြား ဂန်ချောင်းထုံးဝ တာဘောင် ပြိုကျကျိုးပေါက်သွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တာဘောင်မှာ ဩဂုတ်လ ၂၅ ရက် မနက် ၈ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မြစ်ရေတိုက်စားကာ ပြိုကျ ကျိုးပေါက်ခဲ့သဖြင့် လက်ရှိတွင် မြို့တွင်းနှင့် ရွာများအတွင်းသို့ ရေများ စတင်ဝင်ရောက်လာပြီ ဖြစ်သည်။
မြေပြင်တွေ ကူညီကယ်ဆယ်ရေး လုပ်နေသူ ဒေသခံတစ်ဦးက “ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု ချောင်းဖျားကျေးရွာမှာ ကျနော်တို့ မနေ့က ၂၅ ရက်နေ့ မနက်ပိုင်းက ဒီကာထားတဲ့ ကမ်းထိန်းတာက တခြမ်းပဲ့ ပြိုကျသွားတာပါ။ တာပေ ၁၀၀ ကျော်နီးပါးပေါ့နော် မြစ်ဘက်ကို တခြမ်းပဲ့ ပြိုကျသွားတာ ဖြစ်ပါတယ်။ မြစ်ရေအခြေအနေကလည်း မနေ့ကထက်စာရင် လက်ရှိ ဒီနေ့မှာ တက်လာနိုင်တယ်လို့လည်း ခန့်မှန်းရပါတယ်။ ဒါကို ထိန်းနိုင်ဖို့အတွက် အရံတာတွေ ဆောက်ဖို့ ဒီရေကိုထိန်းနိုင်ဖို့အတွက် အဓိက ဆောင်ရွက်နေကြပါတယ်” ဟု ပြောသည်။
အဆိုပါ တိုးမြစ်ရေကို ကာရံထားသည့် ရေကာတာမှာ လက်ရှိတွင် ပေ ၂၀၀ ဝန်းကျင် ပြိုကျထားပြီး ရေစီး ကြောင်းအရှိန်ကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ စိုးရိမ်တကြီး ရွှေ့ပြောင်းနေကြရသည်။
ညောင်တုန်းဒေသခံ ကုန်သည်အမျိုးသားတစ်ဦးက “တာရဲ့ သုံးပုံနှစ်ပုံလောက် ပြိုကျတာ။ အခုအထိ မတားဆီး နိုင်သေးဘူး။ မိုးကလည်း ရွာနေပါသေးတယ်။ မိုးများရင် ဆည်အပေါက်ကို ဘယ်လိုမှ မနိုင်ဘူး။ ဝါးကတုတ် ရိုက်တာ၊ သဲဖို့တာ၊ သဲအိတ်စီတာလောက်နဲ့ မရဘူး။ အဲဒီတာဘောင်သာ အကုန် ကျိုးသွားခဲ့ရင် ညောင်တုန်း၊ မအူပင်၊ ကျိုက်လတ် စတဲ့ မြို့နယ်တွေနဲ့ ရန်ကုန်တိုင်းအတွင်းက ဒေသတွေမှာ ရေကြီးနိုင်တယ်လို့ လူတွေ ပြောနေကြတယ်” ဟု ပြောသည်။
တာကျိုးပေါက်မှုကြောင့် ရေဝင်ရောက်မှုများ ပိုမိုမဖြစ်ပေါ်စေရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် ဒေသခံ ပြည်သူများ ပူးပေါင်း၍ ဝါးကတုတ်ရိုက်ခြင်း၊ သဲဖို့ခြင်းနှင့် သဲအိတ်စီခြင်း လုပ်ငန်းများ ကို ရေအကူအညီမဲ့ တားဆီးရန် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဂန်ချောင်းထုံးဝ တာဘောင်သည် ညောင်တုန်းမြို့နှင့် ၈ မိုင်ခန့်အကွာ ညောင်တုန်းမြို့နယ်နှင့် မအူပင်မြို့ နယ် အကြားတွင် တည်ရှိသည်။
ယခုအခါ ငဝန်မြစ်ရေ မြင့်တက်လာမှုကြောင့် လေးမျက်နှာနှင့် ငသိုင်းချောင်း မြို့နယ်များတွင် ရေကြီးရေလျှံမှု များ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် ရေစီးကြောင်းသည် အောက်ပိုင်းသို့ စီးဆင်းလာကာ ချောင်းဖျားကျေးရွာရှိ တာဘောင်ပါ ကျိုးပေါက်သွားခြင်းဖြစ်သည်။
လက်ရှိတွင် ကူညီကယ်ဆယ်ရေး သမားများက တာဘောင်ပြိုကျသည့် ကျေးရွာ၊ နီးစပ်သည့် ပတ်ဝန်းကျင် ကျေးရွာများ အပြင် ညောင်တုန်းမြို့ပေါ် ရပ်ကွက်အချို့မှ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး လျက်ရှိသည်။
ညောင်တုန်းမြို့နယ်အတွင်း၌ စိုက်ပျိုးပြီးသား စပါးဧက ၃ သောင်းကျော်ရှိပြီး အဆိုပါ တာဘောင် အပြီးသတ် ကျိုးကျသွားပါက စပါးခင်းများ ပျက်စီးမည့်အပြင် ညောင်တုန်း၊ မအူပင်နှင့် ကျိုက်လတ်မြို့နယ်များအထိ ရေကြီးရေလျှံမှုများ ပိုမိုကျယ်ပြန့် လာနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
#ညောင်တုန်း