ရှမ်းတောင်၌ စစ်တပ်က ဂိတ်ကြေး သိန်း ၁၀၀ အထိ တိုးမြှင့်တောင်းခံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။
ရှမ်းပြည်တောင်ပိုင်းမှ အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများသို့ ဆက်သွယ်ထားသည့် ပြည်ထောင်စု လမ်းမကြီး တစ်လျှောက်ရှိ လက်ကျန် စစ်ဆေးရေးဂိတ်များတွင် ယခုရက်ပိုင်းအတွင်း စစ်တပ်က ဂိတ်ကြေးများကို ငွေကျပ် သိန်း ၁၀၀ အထိ တိုးမြှင့်ကောက်ခံနေကြောင်း ယာဉ်မောင်းများနှင့် ယာဉ်လိုင်း တာဝန်ရှိသူများက ပြော သည်။
နမ့်စန်မြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကုန်စိမ်းနှင့် လူသုံးကုန်ပစ္စည်းများ သယ်ဆောင်လာသည့် တွဲကား နှင့် ကုန်ကားများကို တရားမဝင် ကုန်စည်အကြောင်းပြ၍ ငွေကြေးတောင်းခံလျက်ရှိသည်။
အဝေးပြေး ယာဉ်မောင်းတစ်ဦးက “မပေးလို့ မရဘူးလေ။ ကားနဲ့ လူနဲ့ လဲမလားမေးလာရင် ပေးရတာပဲဗျာ့။ ဘာလို့လဲဆို မပေးလို့ သူတို့ သိမ်းရင်။ ကျနော်တို့လည်း မစိုက်နိုင်ဘူး။ ခေါက်ကြေးကိုက်အောင် မနည်းလုပ် နေရ တယ်ဗျာ” ဟု ပြောသည်။
အဆိုပါ နမ့်စန် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စစ်တပ်အပြင် လက်အောက်ခံ ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ် ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့ ပါဝင်ပြီး ကုန်ကားတစ်စီးလျှင် ငွေကျပ် ၂ သိန်းမှ အများဆုံး သိန်း ၃၀ အထိ ကောက်ခံနေကြသည်။
ထို့ပြင် နမ့်စန်မြို့နှင့် မိုင် ၂၀ ခန့်သာ ကွာဝေးသည့် တောင်ကြီး-တာချီလိတ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မိုင်းပွန်မြို့ စစ်ဆေးရေးဂိတ်တွင်လည်း ယာဉ်တစ်စီးလျှင် ငွေကျပ် ၁၀ သိန်းမှ သိန်း ၁၀၀ အထိ ထပ်မံကောက်ခံ နေသဖြင့် ရရှိသည့် တန်ဆာခနှင့် ဂိတ်ကြေးပေးရန်ပင် မလုံလောက်တော့ကြောင်း ဆိုသည်။
ယာဉ်နောက်လိုက်တစ်ဦးက “ဒီဘက်လမ်းတွေက မိုးတွင်းပျက်တာနဲ့ တိုက်ပွဲဖြစ်တာနဲ့ဆိုတော့ လမ်းကမ ကောင်းဘူး။ တစ်ခေါက် တစ်ခေါက်ဆို ကားအရမ်းနာတယ်။ နှစ်တိုင်း ကားပြင်ရတယ်။ ဒီလို လမ်းကြေးနဲ့ဆို ကျနော်တို့လည်း စဉ်းစားရတော့မယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန်လအတွင်း ရက် ၁၀၀ စီမံကိန်း ဖြေလျှော့မှုအရ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဂိတ်များနှင့် တောင်ကြီးမြို့နယ်အတွင်းမှ စစ်ဆေးရေးဂိတ် အများစုကို ဖျက်သိမ်းခဲ့သော်လည်း ယင်းနောက်ပိုင်းမှစ၍ လက်ကျန်ဂိတ်များတွင် ငွေကြေးတောင်းခံသည့် နှုန်းထားများ သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်။
စစ်တပ် အနေဖြင့် ကုန်ဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် တရားမဝင် ကုန်စည်များကို ဖမ်း ဆီးခြင်း ဖြစ်သည်ဟု ဆိုသော်လည်း မြေပြင်တွင် အမှန်တကယ် သိမ်းဆည်းခြင်း မဟုတ်ဘဲ ငွေကြေးတောင်း ခံကာ ပြန်လွှတ်ပေးနေသဖြင့် ကုန်စည်စီးဆင်းမှု ထိခိုက်ပြီး ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ကြောင်း ဒေသခံ ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဝေဖန်လျက်ရှိသည်။