ပလက်ဝနှင့် ပုဏ္ဏားကျွန်းရှိ အလှကုန်ဆိုင်များကို AA ၏ FDA စစ်ဆေး

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ချင်းပြည်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့ အတွင်းရှိ အလှကုန်ဆိုင်များ၌ သုံးစွဲရန် မသင့်သည့် အလှကုန်များနှင့် သက်တမ်းကုန် ပစ္စည်းများ ရောင်းချနေ သည်ကို တွေ့ရှိရသဖြင့် AA ၏ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးဌာနခွဲ (FDA) က သိမ်းဆည်း အရေး ယူမှုများ ပြုလုပ်ခဲ့သည်။

ဩဂုတ်လ ၁၄ ရက်နေ့က ပလက်ဝမြို့နယ်အတွင်းရှိ အလှကုန်ဆိုင် ၁၂ ဆိုင်ကို AA ၏ FDA မှ ကွင်းဆင်း စစ်ဆေးခဲ့ရာ သုံးစွဲရန် မသင့်သော အလှကုန်များ တွေ့ရှိသည့်ဆိုင် ၈ ဆိုင်နှင့် သက်တမ်းကုန် ပစ္စည်းများ တွေ့ရှိသည့်ဆိုင် ၉ ဆိုင်ကို တွေ့ရှိခဲ့သည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အလှကုန်ဆိုင်များကို ဩဂုတ်လ ၁၁ ရက်က စစ်ဆေးခဲ့ရာတွင်လည်း သုံးစွဲရန် မသင့်သည့် အလှကုန်များ တွေ့ရှိသည့်ဆိုင် ၉ ဆိုင်နှင့် သက်တမ်းကုန် ပစ္စည်းများ တွေ့ရှိသည့်ဆိုင် ၈ ဆိုင် ရှိခဲ့သည်။

ရခိုင်ဒေသခံ အလှကုန် ရောင်းချသည့် ကုန်သည် အမျိုးသမီးတစ်ဦးက ကျမတို့လည်း သတိထားရပါတယ်။ အခုက ရခိုင်မှာ ပြည်ပက အလှကုန်တွေ ဝင်ရောက်တာရှိတယ် အိန္ဒိယ ရှိတယ်၊ ထိုင်း ရှိတယ်၊ နောက် ဘင်္ဂလားဒေ့ရှ် ရှိတယ်။ သက်ဆိုင်ရာ စကားစာအရ သက်တမ်းကို ကြည့်ပြီး သတိထားရပါတယ်။ အလှအပ ကြိုက်တဲ့ အမျိုးသမီးတွေရဲ့ မျက်နှာတွေမှာ တစ်ခုခုဖြစ်သွားရင် တော်တော် စိတ်ထိခိုက်ရမယ် ဒါကြောင့် အခုလို စစ်ဆေးပေးတာ ကြိုဆိုပါတယ် ဟု ပြောဆိုသည်။

ကွင်းဆင်းစစ်ဆေးစဉ် တွေ့ရှိခဲ့သည့် သုံးစွဲရန် မသင့်သော အလှကုန်များနှင့် သက်တမ်းကုန် ပစ္စည်းများကို တပါ တည်း သိမ်းဆည်းခဲ့ပြီး ဆိုင်ပိုင်ရှင်များကို ခံဝန်လက်မှတ် ရေးထိုးစေကာ တားမြစ်ကုန်ပစ္စည်းများကို ထပ်မံ ရောင်းချခြင်း မပြုကြရန် FDA က သတိပေး ပြောဆိုခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်းက အာဆီယံဒေသတွင်း နိုင်ငံများ၏ PMAS (Post-Marketing Alert System) အစီအစဉ်အရ သုံးစွဲရန် မသင့်ဟု တားမြစ်ပိတ်ပင်ထားသည့် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံထုတ် အလှကုန်ပစ္စည်း ၂၉ မျိုးသည် ရခိုင်ပြည်အတွင်းသို့ နည်းမျိုးစုံဖြင့် ဝင်ရောက်လာနိုင် ကြောင်း ဆိုသည်။

အဆိုပါ တားမြစ် ဓာတုပစ္စည်းများ ပါဝင်သည့် အလှကုန်များကို သုံးစွဲပါက အရေပြား ယားယံခြင်း၊ ရောင်ရမ်း ခြင်း၊ အဖြူအနီကွက်များ ဖြစ်ခြင်း၊ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျဉ်ခြင်း၊ ကြွက်သား တုန်ခါခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်းနှင့် စိတ်ကျရောဂါများ ဖြစ်ပွားနိုင်သည့်အပြင် ရေရှည် သုံးစွဲပါက ကျောက်ကပ် ပျက်စီးသည်အထိ အန္တရာယ် ဖြစ်ပေါ်စေနိုင်ကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာန က အသိပေးထားသည်။

ဓါတ်ပုံ – Crd