ဂျာမနီနှင့် ယူကရိန်း ပူးပေါင်း၍ တာဝေးပစ် ဒရုန်း ၅,၀၀၀ ကျော် ထုတ်လုပ်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၅ ရက်။

ဂျာမနီနှင့် ယူကရိန်းတို့ ပူးပေါင်း၍ မိုင်ပေါင်း ၉၀၀ ကျော် (ကီလိုမီတာ ၁,၅၀၀) အထိ ပစ်ခတ်နိုင်သော အဝေးပစ် ခေတ်မီတိုက်ခိုက်ရေးဒရုန်း အစင်းရေ ၅,၀၀၀ ကျော်ကို စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ဂျာမန်သတင်းမီဒီယာ Handelsblatt တွင် ဖော်ပြထားသည်။

ယူရို သန်း ၃၀၀ တန်ဖိုးရှိ အဆိုပါ စီမံကိန်းသည် ဂျာမန်-အမေရိကန် နည်းပညာကုမ္ပဏီ Auterion နှင့် ယူကရိန်း ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ Airlogix တို့၏ ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။

စီမံကိန်းအရ ဂျာမနီဘက်မှ ရုရှား၏ လျှပ်စစ်လှိုင်း နှောင့်ယှက်ဖျက်ဆီးမှုများကို ကြံ့ကြံ့ခံနိုင်သည့် AI နည်းပညာသုံး ဆော့ဖ်ဝဲလ်စနစ်များကို တာဝန်ယူမည်ဖြစ်သည်။  

ယူကရိန်းဘက်မှ ဒရုန်း၏ ရုပ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများကို ထုတ်လုပ်သွားမည် ဖြစ်သည်။

အဆိုပါ ဒရုန်းများကို ယခုနှစ်အတွင်း စတင်ပေးပို့သွားမည်ဖြစ်ပြီး ရုရှားနိုင်ငံအတွင်းရှိ စစ်ရေးနှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို နေ့စဉ် ဒရုန်းစင်းရေ ၁,၀၀၀ ဖြင့် တိုက်ခိုက်သွားရန် လျာထားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်စကီးက ကြေညာခဲ့ပြီးနောက် ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း ရုရှား၏ သတင်းတုလွှင့်ခြင်းနှင့် ဆိုက်ဘာတိုက်ခိုက်ခြင်း အပါအဝင် ပေါင်းစပ်စစ်ဆင်ရေး (Hybrid Warfare) လုပ်ရပ်များနှင့် ပတ်သက်၍ အစောပိုင်းက တိုက်ရိုက်စွပ်စွဲရန် ဝန်လေးခဲ့သော ဂျာမနီအစိုးရသည် ယခုအခါ ပြင်းထန်စွာ တုံ့ပြန်လိုက်ပြီ ဖြစ်သည်။

လွန်ခဲ့သော လအတွင်း Leipzig လေဆိပ်အနီး၌ ယူကရိန်း ကုန်တင်လေယာဉ်ကို ပစ်မှတ်ထား ကြံစည်ထားသည့် ဖောက်ခွဲရေးပစ္စည်းပါ ဒရုန်း နှစ်စင်းကို တွေ့ရှိခဲ့ရပြီးနောက် ဂျာမနီ၏ သဘောထား ပြောင်းလဲသွားခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်၏ နောက်ကွယ်တွင် ရုရှားနိုင်ငံ ပါဝင်ပတ်သက်နေကြောင်း ဂျာမနီအစိုးရက ဗုဒ္ဓဟူးနေ့တွင် ပွင့်လင်းစွာ တိုက်ရိုက်စွပ်စွဲလိုက်ပြီး မိမိတို့နိုင်ငံ၏ လုံခြုံရေးကို အပြည့်အဝ ကာကွယ်သွားမည်ဟု သတိပေး ထုတ်ပြန်ခဲ့သည်။