မြန်မာ့အရေး ICC သို့ လွှဲပြောင်းရန် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး တိုက်တွန်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။
မြန်မာနိုင်ငံ၏ အခြေအနေများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ခါ တာ့ခ် (Volker Turk) က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအား တနင်္လာနေ့တွင် တိုက်တွန်းတောင်းဆိုလိုက်သည်။
နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သည့် သံတမန်ရေး ကြိုးပမ်းမှုများသည် အကြမ်းဖက် ကျူးလွန်မှုများကို တားဆီးနိုင်ခြင်း မရှိသည့်အပြင်၊ ရိုဟင်ဂျာများ အပါအဝင် အရပ်သားများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက်လည်း အပြစ်ပေး အရေးယူနိုင်ခဲ့ခြင်း မရှိကြောင်း ဂျနီဗာမြို့တွင် ကျင်းပသည့် (၆၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် မဟာမင်းကြီးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား သေဆုံးမှု အများဆုံး ဖြစ်ပွားနေပြီး အတည်ပြုနိုင်သည့် အရပ်သား သေဆုံးသူ ၁,၂၀၀ ကျော်နှင့် သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ ၃,၀၀၀ ကျော်အထိ ရှိနိုင်သည်ဟု ဆိုသည်။
ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ ဥပဒေ ချိုးဖောက်မှုများကို အားပေးရာရောက်နေသည့် လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် စစ်ဘက်သုံး ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်ပို့နေခြင်းကို တားဆီးပေးကြရန်လည်း မဟာမင်းကြီးက တောင်းဆိုထားသည်။
ထို့အပြင် ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများသည် မတရားဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အဓမ္မ လုပ်အားပေး ခိုင်းစေမှု အစရှိသည့် စနစ်တကျ ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရင်ဆိုင်နေရကြောင်း ထောက်ပြခဲ့သည်။
လက်ရှိ လုံခြုံရေး မရှိသေးသည့် အခြေအနေတွင် ဒုက္ခသည်များကို ပြန်လည် စေလွှတ်ခြင်းသည် နိုင်ငံတကာ၏ ဘေးအန္တရာယ်ရှိရာသို့ ပြန်မပို့ရေး မူဝါဒ (non-refoulement principle) ကို အကြီးအကျယ် ချိုးဖောက်ရာ ရောက်နိုင်ကြောင်းလည်း သတိပေးခဲ့သည်။