ထိုင်းကျောင်းထိုင် ကိုယ်တော်ထံမှ ဘတ် ၂၁၄ သန်း ဖိုး ငွေကြေးပစ္စည်းများ သိမ်းဆည်း

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်။

ငွေအလွဲသုံးမှု ငွေကြေးခဝါချမှုတွေနဲ့ မနေ့က ဖမ်းဆီးခဲ့တဲ့ ထိုင်း ကျောင်းထိုင် ဆရာတော် ထံမှ ဘတ် သန်း ၂၁၄ သန်း တန်ဖိုး ပစ္စည်းဥစ္စာများကို အာဏာပိုင်များ သိမ်းဆည်းခဲ့သည်။  

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ရှိ နာမည်ကျော် ဝပ်ဖူထိုင်းစဝမ် (Wat Phutthaisawan) ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်ဟောင်း “ဆာမီချိုတီ” (အာတီချိုတီ သမ္မဝါရော) နှင့် ၎င်းနှင့် နီးစပ်သည့် ဒါယိကာမ “မအေး” တို့အား ကျောင်းတော်ရန်ပုံငွေ ဘတ် ၉၂ သန်းကျော် အလွဲသုံးစားလုပ်မှုဖြင့် ရဲတပ်ဖွဲ့က အာမခံပေးရန် ကန့်ကွက်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့က တရားရုံးသို့ ရမန်ယူ ထိန်းသိမ်းရန် ပို့ဆောင်လိုက်သည်။

ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ ကျောင်းတိုက်အတွင်းရှိ ဆရာတော်၏ ကျောင်းဆောင်အတွင်း ဝှက်သိမ်းထားသော ဘတ် ၂၁၅ သန်းကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရမိခဲ့သည်။

ထိုသိမ်းဆည်း ပစ္စည်းများတွင် ထိုင်းဘတ်ငွေနှင့် နိုင်ငံခြားငွေသား ဘတ် ၁၄၄ သန်း ရွှေချောင်းနှင့် ရွှေထည် အလေးချိန် ဘတ် ,၀၆၆ အက္ခရာ (၁၀ ပိဿာခန့်) နှင့် ရှေးဟောင်းအဆောင်လက်ဖွဲ့များနှင့် မြေကွက်ပိုင်ဆိုင်ခွင့် စာချုပ်များ ပါဝင်သည်။

၎င်းတို့သည် အလှူရှင်များကို ကျောင်းတိုက်အမည်ဖြင့် ပြေစာထုတ်ပေးခဲ့သော်လည်း ရရှိလာသည့် ဘတ် ၉၂ သန်း စာရင်းကို ကျောင်းတိုက်၏ တရားဝင်ဘဏ်အကောင့်သို့ ထည့်သွင်းခြင်းမရှိဘဲ ဆရာတော်ဟောင်း၏ ကိုယ်ပိုင်အကောင့်အတွင်းသို့ လွှဲပြောင်းထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ရဲတပ်ဖွဲ့သည် ခရိုင် ၄ ခုရှိ နေရာ ၆ ခုကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပြီး ယခုကဲ့သို့ သက်သေပစ္စည်းများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ငွေကြေးအလွဲသုံးစားမှုအပြင် ဆာမီချိုတီနှင့် ဒါယိကာမ မအေးတို့၏ ကာမဆက်ဆံနေသည့် ဗီဒီယိုဖိုင်များပါ ထွက်ပေါ်လာခဲ့သဖြင့် ရဟန်းသံဃာ့ဝိနည်း သိက္ခာပုဒ်များပါ ပြင်းထန်စွာ ဖောက်ဖျက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

တရားရုံးသို့ ပို့ဆောင်ရာတွင် သတင်းထောက်များ၏ မေးမြန်းမှုများကို သံသယ တရားခံ နှစ်ဦးစလုံးက တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ ခေါင်းငိုက်စိုက်ချကာ ရဲကားပေါ်သို့ ချက်ချင်း တက်ရောက်သွားခဲ့ကြသည်။

ရဲတပ်ဖွဲ့က ပျက်စီးဆုံးရှုံးမှု ပမာဏ အလွန်ကြီးမားခြင်း၊ သက်သေပစ္စည်းများကို ဖျက်ဆီးနိုင်ခြင်းနှင့် ထွက်ပြေးတိမ်းရှောင်နိုင်ခြေ ရှိခြင်းတို့ကြောင့် အာမခံပေးရန် ပြင်းထန်စွာ ကန့်ကွက်ထားသည်။

လက်ရှိတွင် အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (NACC) နှင့် အမျိုးသားသာသနာရေးရုံးတို့ ပူးပေါင်း၍ ပါဝင်ပတ်သက်သူများကို ပိုမိုစုံစမ်းဖော်ထုတ်ကာ သိမ်းဆည်းရမိသည့် ဘဏ်ငွေနှင့် ပစ္စည်းများကို ကျောင်းတိုက်ထံ ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဟု ဆိုသည်။