ယူကရိန်းကို ကနေဒါ ဒေါ်လာ ၃၅၀ သန်းတန် လေကြောင်းကာကွယ်ရေးစနစ် ကူညီမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်။

ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ ၃၅၀ သန်းတန် လေကြောင်းကာကွယ်ရေး လက်နက်စနစ်များ ထောက်ပံ့ပေးရန် ကနေဒါနိုင်ငံက သဘောတူလိုက်သည်။

ကနေဒါ ဝန်ကြီးချုပ် မာခ် ကာနေ (Mark Carney) နှင့် ယူကရိန်း သမ္မတ ဗိုလိုဒီမီးယား ဇယ်လန်းစကီး တို့သည် စက်တင်ဘာ ၁၀ ရက်နေ့က ကနေဒါနိုင်ငံ၌ တွေ့ဆုံစဉ် ယင်းသို့ သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

ရုရှား၏ လေကြောင်း တိုက်ခိုက်မှုများကို ကာကွယ်ရန် ယူကရိန်းအနေဖြင့် အမေရိကန်လုပ် Patriot ဒုံးကျည်စနစ်များ အရေးပေါ် လိုအပ်နေပြီး ယခု အကူအညီကို အမေရိကန်၏ တတိယနိုင်ငံများမှတစ်ဆင့် လက်နက် ဝယ်ယူထောက်ပံ့ခွင့်ပြုသည့် အစီအစဉ်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်သည်။

ထို့ပြင် လာမည့် ၂ နှစ်အတွင်း ဒရုန်း သန်းပေါင်းများစွာ ထုတ်လုပ်သွားမည်ဖြစ်ပြီး သုံးပုံတစ်ပုံကို ယူကရိန်းသို့ ပေးပို့မည်ဟု ကနေဒါ ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ကနေဒါသည် ၂၀၂၂ စစ်ပွဲ စတင်ချိန်မှစ၍ ယူကရိန်းသို့ စစ်ရေးအကူအညီ ကနေဒါဒေါ်လာ ၈ ဒသမ ၅ ဘီလီယံ အပါအဝင် စုစုပေါင်း ဒေါ်လာ ၂၅ ဒသမ ၅ ဘီလီယံကျော် ထောက်ပံ့ပေးထားပြီးဖြစ်သည်။