မောတောင်နယ်စပ်ဂိတ် ပြန်ဖွင့်ပါကလည်း လုံခြုံရေးပြဿနာများအတွက် ကုန်သည်များ စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၀ ရက်။
မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင် ခရိုင်ဝန်တို့ စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းက မြိတ်မြို့ရှိ Grand Jade Hotel ၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စစ်အုပ်စုက ထုတ်ပြန်သည်။
အဆိုပါ တွေ့ဆုံမှုတွင် မြိတ်ခရိုင်နှင့် ပရာကျွတ်ခီရီခန်ခရိုင်အကြား ကုန်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရေထွက်ပစ္စည်းများ ကူးသန်းရောင်းဝယ်ရေး၊ လူသုံးကုန်ပစ္စည်း ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် မောတောင်ဂိတ်အား အမြဲတမ်း နယ်စပ်ဂိတ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ရေးတို့ကို နှစ်ဘက် အပြန်အလှန် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း မြိတ်-မောတောင် လမ်းကြောင်းတစ်လျှောက်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဂိတ်ပြန်ဖွင့်ပါကလည်း အခက်အခဲများစွာ ရှိလာနိုင်သည်ဟု မောတောင်မြို့ခံတစ်ဦးက ဆိုသည်။
“မြိတ် – မောတောင်လမ်းပိုင်းက အေးချမ်းနေတာလည်း မဟုတ်ဘူး။ လမ်းတစ်လျှောက်လုံးမှာ တိုက်ပွဲတွေက မကြာခဏလိုလို ဖြစ်နေတာ။ ဖွင့်ဖြစ်တယ်ဆိုရင်လည်း လမ်းတွေမှာ ဂိတ်တွေ အထပ်ထပ်ချရမယ်၊ အဲဒီဂိတ် တွေက ငွေကြေးကောက်ကြဦးမှာ သေချာတယ်။ ဂိတ်ကြေး ပေးရတာနဲ့တင် ကုန်သည်တွေ အမြတ်ကျန်မှာ မဟုတ်ဘူး” ဟု ပြောသည်။
မောတောင်နယ်စပ်ဂိတ်ကို မကြာခဏဆိုသလို ပြန်ဖွင့်မည်ဟု ပြောဆိုကြသော်လည်း လက်ရှိအချိန်အထိ ယာယီ ကုန်သွယ်ရေးအဖြစ် ခဏသာ ဖွင့်လှစ်နိုင်ခဲ့ပြီး တရားဝင် ပုံမှန်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။
မောတောင် နယ်စပ်မြို့ကို လွန်ခဲ့သည့် ၂၀၂၆ ခုနှစ် မေလအတွင်းက စစ်အုပ်စုတပ်က ပြန်လည်ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။
မောတောင်နယ်စပ်ဂိတ်သည် မြိတ်မြို့ဘက်မှ ရေထွက်ကုန်များနှင့် တနင်္သာရီမြို့နယ်မှ ခြံထွက်သီးနှံ များကို ထိုင်းနိုင်ငံ ပရာကျွတ်မြို့ဘက်သို့ တင်ပို့ရာတွင် အနီးဆုံး လမ်းကြောင်းဖြစ်သော်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကုန်သွယ်မှု သိသိသာသာ လော့နည်းသွားခဲ့သည်။
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် မောတောင်အပြင် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီး၊ မယ်စဲ့ စသည့် ကုန်သွယ်ရေးစခန်းများ ရှိသော်လည်း တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့မှုများ ရှိနေသည်။
အဓိက နယ်စပ်ကုန်သွယ်ရေးစခန်း ဖြစ်သည့် မြဝတီ ပုံမှန်မဖွင့်နိုင်သည့် အခြေအနေတွင် တာချီလိတ်လမ်းနှင့် ရနောင်း-ကော့သောင်း ပင်လယ်ရေကြောင်းလမ်းများကို အစားထိုး အသုံးပြုနေရသည်ဟု ဘုရင့်နောင် အခြေ စိုက် ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။