လူမှုနှင့်ဘာသာရေး အဖွဲ့များမှ တဆင့် ဒေါ်လာ ၂ ဘီလီယံ ထောက်ပံ့မှုရမည့် နိုင်ငံများတွင် မြန်မာပါဝင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။

ဘာသာရေးနှင့် လူမှု အဖွဲ့အစည်းများ မှ တဆင့် ကမ္ဘာတဝှမ်း ထောက်ပံ့ငွေ ဒေါ်လာ ၂ ဘီလီယံ ပေးအပ်ရာတွင် မြန်မာနိုင်ငံလည်း ပါဝင်မည် ဖြစ်ကြောင်း ရန်ကုန် အမေရိကန်သံရုံးက သတင်း ထုတ်ပြန်သည်။

ယုံကြည်စိတ်ချရသော ဘာသာရေးအခြေပြုနှင့် လူမှုအသိုက်အဝန်း အဖွဲ့အစည်းများမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါးရှိ ကမ္ဘာ့ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအသစ်များကို ပေးအပ်သွားမည်ဖြစ်ရာ အဆိုပါအကူအညီများ လက်ခံရရှိမည့် နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မြေပြင်တွင် အကူအညီပေးအပ်လျက်ရှိသည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများမှတစ်ဆင့် မြန်မာပြည်သူများအတွက် လိုအပ်သော အကူအညီများကို ပေးအပ်ခြင်းဖြင့် လူ့အသက်များကို ကယ်တင်နိုင်မည်ဖြစ်ရုံမျှမက အမေရိကန်ပြည်ထောင်စုအတွက်ပါ ဘေးကင်းလုံခြုံမှုရှိစေမည့် ရေရှည်တည်ငြိမ်ရေးကို အားကောင်းလာစေမည်ဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆိုလိုသည်မှာ အစိုးရမှ တဆင့်မဟုတ်ပဲ အကူအညီများကို ဘာသာရေးနှင့် လူမှုရေး အဖွဲ့များမှ တဆင့် ပေးအပ်မည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ရလဒ်ကောင်းများရှိပြီးသား အကူအညီပေးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် အမေရိကန်နိုင်ငံသည် အရင်းအမြစ်များကို အမှန်တကယ် လိုအပ်နေသည့် ဒေသများသို့ ပိုမိုရောက်ရှိစေရေး ဆောင်ရွက်နေပြီး တိုင်းတာနိုင်သည့် ရလဒ်ကောင်းများ ရရှိရေးနှင့် အမေရိကန် အခွန်ထမ်းပြည်သူများ၏ ငွေကြေးများကို တာဝန်ယူမှုရှိရှိ စီမံခန့်ခွဲကာ မြန်မာပြည်သူများ အရေးတကြီး လိုအပ်နေချိန်တွင် ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း အမေရိကန် သံရုံးက ဆိုသည်။