စစ်သတင်းထောက် သေဆုံးမှု သတင်းဌာနနဲ့ လုပ်ဖော်ကိုင်ဖက်ကို တရားစွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်။
ယူကရိန်းစစ်မြေပြင်တွင် သတင်းထောက် သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ နာမည်ကျော် Fox သတင်းဌာနနှင့် အန္တရာယ် နယ်မြေကို အတင်း သွားခဲ့သည့် လုပ်ဖော်ကိုင်ဖက် သတင်းသမား တစ်ဦးကို သေဆုံးသူ သတင်းထောက်၏ မိသားစုက တရားစွဲလိုက်သည်။
၂၀၂၂ ခုနှစ် ယူကရိန်စစ်ပွဲ အစောပိုင်းကာလက ကိယက်ဗ် (Kyiv) မြို့ပြင်၌ Fox News သတင်းအဖွဲ့ စီးနင်းလာသော မော်တော်ယာဉ် တိုက်ခိုက်ခံရမှုကြောင့် အသက် ၂၄ နှစ်အရွယ် ယူကရိန်လူမျိုး သတင်းထုတ်လုပ်သူ Oleksandra Kuvshynova (ခေါ်) Sasha သေဆုံးခဲ့ရသည်။
Sasha ၏ မိဘများသည် Fox News ရုပ်သံဌာနနှင့် ဒဏ်ရာရရှိခဲ့သူ နာမည်ကျော် သတင်းထောက် Benjamin Hall တို့အား တရားစွဲဆိုလိုက်သည်။
သတင်းထောက် Benjamin Hall သည် နာမည်ရလိုမှုနှင့် စွန့်စားချင်စိတ်ကြောင့် လုံခြုံရေးအကြံပေးများ၏ “အန္တရာယ်ရှိသဖြင့် မသွားရောက်ရန်” အကြိမ်ကြိမ် သတိပေးချက်များကို လျစ်လျူရှုကာ အန္တရာယ်ဇုန်အတွင်းသို့ အတင်းအဓမ္မ ထွက်ခွာခဲ့သဖြင့် အဆိုပါ ဖြစ်စဉ်ဆိုး ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ပေါ့ဆမှု၊ တာဝန်မဲ့မှုတို့ဖြင့် စွဲဆိုထားသည်။
Fox News ဌာနဘက်ကမူ ယင်းဖြစ်ရပ်အတွက် ဝမ်းနည်းရပါကြောင်း ထုတ်ပြန်ထားပြီး ဥပဒေကြောင်းအရ ဆက်လက်ရင်ဆိုင်သွားမည်ဟု အသိပေးထားသည်။