ဘန်ကောက်နှင့် ထိုင်းနိုင်ငံ ခရိုင်ပေါင်း ၂၇ ခရိုင်တွင် ရေကြီး ရေလျှံမှု ကြုံနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်။
ထိုင်းနိုင်ငံတစ်ဝန်း မြို့တော်ဘန်ကောက် အပါအဝင် ခရိုင် ၂၇ ခုတွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနေပြီး အိမ်ထောင်စု ၁ ဒသမ ၁၇ သန်းကျော် (လူဦးရေ ၃ ဒသမ ၂ သန်းကျော်) အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ထိုင်းနိုင်ငံ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့် ကာကွယ်ရေးဌာန (DDPM) က အောက်တိုဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။
မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြောက်ပိုင်းဒေသများမှ စီးဆင်းလာသော ရေထုကြောင့် အလယ်ပိုင်းနှင့် အရှေ့ပိုင်း လွင်ပြင်ဒေသ အများအပြားတွင် ရေကြီးနေခြင်းဖြစ်ပြီး၊ မြို့တော်ဘန်ကောက်တွင်လည်း အိမ်ထောင်စုပေါင်း ၃၂၉,၀၀၀ ထိခိုက်ကာ သေဆုံးသူ ၄ ဦးအထိ ရှိလာခဲ့သည်။
အရှေ့ပိုင်း ပရာချင်းဘူရီ (Prachin Buri) ခရိုင်တွင်မူ မြို့နယ် ၇ ခုစလုံး ရေမြှုပ်နေပြီး ရေအနက် ၁ မီတာခန့်အထိ မြင့်တက်နေသဖြင့် ခရိုင်တစ်ခုလုံးကို “ရေဘေးအန္တရာယ်ဇုန်” အဖြစ် ကြေညာထားရသည်။ ပရာချင်း ဘူရီတွင် သေဆုံးသူ ၉ ဦး ရှိသွားပြီ ဖြစ်သည်။
ထိုင်းမိုးလေဝသဌာနက အောက်တိုဘာ ၈ ရက်မှ ၁၃ ရက်နေ့အထိ မိုးထပ်မံသည်းထန်နိုင်သဖြင့် ရုတ်တရက် ရေကြီးရေလျှံမှုများကို သတိပြုကြရန် ထပ်မံသတိပေးထားသည်။