ရေနံ ကုမ္ပဏီကြီးများအပေါ် တရားစွဲဆိုမှုကို ကြားနာမှု ပြုမပြု အမေရိကန် တရားရုံးချုပ်  အငြင်းပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။

တရားရုံး ပြန်လည်ဖွင့်လှစ်သည့် ပထမဆုံးနေ့တွင် အမေရိကန် ပြည်ထောင်စု တရားရုံးချုပ် တရားသူကြီးများသည် ရာသီဥတု ပြောင်းလဲမှု ထိခိုက်နစ်နာကြေးအတွက် ရေနံကုမ္ပဏီကြီးများအား တရားစွဲဆိုထားသည့် အမှုကို ဆက်လက်ကြားနာရန် သင့်၊ မသင့် ငြင်းခုန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါအမှုသည် ကော်လိုရာဒိုပြည်နယ်၊ ဘိုးဒါ (Boulder) မြို့နယ်အစိုးရက ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် တောမီးလောင်ကျွမ်းမှုနှင့် သဘာဝဘေးအန္တရာယ် ထိခိုက်မှုများအတွက် Exxon Mobil နှင့် Suncor Energy ရေနံကုမ္ပဏီကြီးများ၌ တာဝန်ရှိသည်ဟု ဆိုကာ စွဲဆိုထားခြင်းဖြစ်သည်။

ရေနံကုမ္ပဏီများဘက်ကမူ ရာသီဥတုပြောင်းလဲမှုသည် ပြည်နယ်အဆင့် မဟုတ်ဘဲ အမျိုးသားအဆင့်နှင့် နိုင်ငံတကာအဆင့် ကိစ္စရပ်ဖြစ်သဖြင့် ပြည်နယ်တရားရုံးများတွင် တရားစွဲဆိုခွင့် မရှိသင့်ကြောင်း၊ ထို့ကြောင့် အဆိုပါအမှုကို ပယ်ဖျက်ပေးရန် တရားရုံးချုပ်၌ လျှောက်လဲခဲ့သည်။

ယခုအမှုတွင် တရားသူကြီး ဆာမူအယ်လ် အလီတို (Samuel Alito) သည် ရေနံကုမ္ပဏီများ၌ ရှယ်ယာပါဝင်မှု ရှိနေခြင်းကြောင့် အမှုစစ်ဆေးရေးတွင် မပါဝင်ဘဲ နုတ်ထွက်ခဲ့သည်။

သို့ဖြစ်ရာ ကျန်ရှိသော တရားသူကြီး ၈ ဦးက မဲခွဲဆုံးဖြတ်ရမည်ဖြစ်ပြီး၊ မဲရလဒ် ၄ မဲ – ၄ မဲ သရေကျပါက အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုကို အပြီးသတ် မဆုံးဖြတ်နိုင်ဘဲ အောက်ခြေတရားရုံး၏ စွဲဆိုမှုကို ဆက်လက် စစ်ဆေးခွင့် ပြုရမည်ဖြစ်သည်။

ထရမ့်အစိုးရအဖွဲ့၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ (EPA) ကလည်း ရေနံကုမ္ပဏီများဘက်မှ ရပ်တည်ပေးထားသည်။

ယခုအမှု၏ အဆုံးအဖြတ်သည် အမေရိကန်တစ်ဝန်းရှိ မြို့နယ်နှင့် ပြည်နယ်ပေါင်း ၂၀ ကျော်က ရေနံကုမ္ပဏီများကို စွဲဆိုထားသည့် အလားတူ ရာသီဥတုဆိုင်ရာ တရားစွဲဆိုမှုများအတွက် အရေးပါသော အပြောင်းအလဲ ဖြစ်လာနိုင်သည်။