ဝတ်စားဆင်ယင်မှုကြောင့် တာလီဘန်အာဏာပိုင်များက အမျိုးသမီး ၅၀ ကျော် ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၉ ရက်။

အာဖဂန်နစ္စတန်နိုင်ငံတွင် ဝတ်စားဆင်ယင်မှု စည်းကမ်းဖောက်ဖျက်သည်ဟူသော စွပ်စွဲချက်များဖြင့် အမျိုးသမီးများကို တာလီဘန်အာဏာပိုင်များက ဆက်တိုက် ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိသည်။

အချို့သော အမျိုးသမီးများမှာ အမျိုးသား အစောင့်အရှောက်မပါဘဲ ပြင်ပသို့ထွက်ခွာမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ကုလသမဂ္ဂ၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဇူလိုင်လမှ စက်တင်ဘာလအတွင်း နိုင်ငံအတွင်းရှိ အဓိကမြို့ကြီးနှစ်မြို့၌ အမျိုးသမီး ၅၂ ဦးနှင့် မိန်းကလေးငယ် ၁ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ဖမ်းဆီးခံရသည့် အဓိကအကြောင်းရင်းများတွင် ခန္ဓာကိုယ်အပြည့်ဖုံးသည့် ချာဒေါ (chador) ဝတ်ရုံ မဝတ်ဆင်ခြင်း၊ ဆံပင်ပေါ်လွင်နေခြင်း၊ အရောင်တောက်သော ခေါင်းစီးပုဝါများ ဝတ်ဆင်ခြင်းနှင့် မိတ်ကပ်လိမ်းခြယ်ခြင်းတို့ ပါဝင်သည်။

ထို့ပြင် အပြင်ထွက်ရာတွင် အမျိုးသား အစောင့်အရှောက် မပါဝင်ခြင်းကြောင့်လည်း ဖမ်းဆီးခံရမှုများလည်း ရှိသည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများကို နာရီအနည်းငယ်အကြာတွင် ပြန်လွှတ်ပေးခဲ့သော်လည်း မြေပြင်အခြေအနေတွင် ဖမ်းဆီးခံရသူ အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။

တာလီဘန်တို့၏ ယခုလုပ်ရပ်များသည် အမျိုးသမီးများ၏ လွတ်လပ်ခွင့်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ထောက်ပြထားသည်။

တာလီဘန်တို့သည် ၂၀၂၁ ခုနှစ်တွင် အာဏာရရှိလာပြီးနောက်ပိုင်း အမျိုးသမီးများအပေါ် တင်းကျပ်သည့် ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။

အာဖဂန်အမျိုးသမီးများအနေဖြင့် ပြင်ပသို့ထွက်ခွာပါက မျက်နှာဖုံးသည့်အထိ ခန္ဓာကိုယ်အပြည့် ဖုံးကွယ်ထားရသော ဟီဂျပ် (Hijab) ဝတ်စုံရှည်ကို မဖြစ်မနေ ဝတ်ဆင်ရမည်ဖြစ်သည်။