ကချင်ပြည် ဗန်းမော်တွင် KBC ဘုရားကျောင်းကို စစ်အုပ်စု မီးရှို့၊ တိုက်ပွဲများ ဆက်လက်ပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်။

ကချင်ပြည်၊ ဗန်းမော်မြို့ပေါ်ရှိ KBC ခရစ်ယာန်ဘုရားကျောင်းနှင့် ပြည်သူ့နေအိမ်များကို စစ်အုပ်စုတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသည်။

ဗန်းမော်ရှိ (၃) မိုင်ရွာအတွင်း တပ်စွဲထားသော စစ်အုပ်စု တပ်မ ၃၃ နှင့် တပ်မ ၈၈ လက်အောက် ခံ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၂ ရက်၊ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဘုရားကျောင်းနှင့် ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

မြေပြင်သတင်းရင်းမြစ် တာဝန်ရှိသူတစ်ဦးက “ဗန်းမော် ၃ မိုင်ရွာထဲက KBC ဘုရားကျောင်းနဲ့ ပြည်သူတွေရဲ့ အိမ်တွေကို စစ်တပ်က တမင်မီးရှို့ဖျက်ဆီးသွားတာပါ။ အိမ်ခြေ ဘယ်လောက်အထိ မီးလောင်ပြာကျသွား တယ်ဆိုတာကိုတော့ သေချာမသိဘူး။ စစ်တပ်က ရှိနေသေးတာရောကြောင့် အတိအကျ စိစစ်လို့ မရသေးပါ ဘူး” ဟု ပြောသည်။

ထို့ပြင် မန္တလေးဘက်မှ လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်အုပ်စု၏ စစ်ယာဉ်တန်း အစီး ၁၃၀ အနက် ၇၈ စီးခန့်သည် အောက်တိုဘာလ ၁၂ ရက်၊ ညနေပိုင်းတွင် မြစ်ကြီးနားမြို့အတွင်းသို့ ဝင်ရောက်လာပြီး အင်အားနှင့် လက်နက်ခဲယမ်းများ ဆက်တိုက် ဖြည့်တင်းလျက်ရှိသည်။

တစ်ဖက်တွင်လည်း ရွှေကူဒေသနှင့် ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်-မဘိမ်း လမ်းပိုင်းတို့၌ စစ်အုပ်စုက အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများ ဆက်တိုက် ပြင်းထန်နေပြီး၊ KIA ပူးပေါင်းတပ်များက စစ်အုပ်စုထံမှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။

စစ်အုပ်စု၏ လေကြောင်း၊ လက်နက်ကြီး ပစ်ကူများနှင့် ထိုးစစ်များကြောင့် KIA ဘက်က ရွှေကူ-ငါးအိုး လမ်းမ ကြီးကို ပိတ်ထားရပြီး ပြည်သူများအနေဖြင့် KIO/KIA က သတ်မှတ်ပေးထားသည့် ဘေးကင်းသော လမ်းကြောင်းအတိုင်းသာ သတိပြု သွားလာကြရန် သတိပေး နှိုးဆော်ထားသည်။

အလားတူ စစ်အုပ်စုသည် ကချင်ပြည်သာမက ချင်းပြည်တွင်လည်း ဘာသာရေး အဆောက်အအုံများကို ပစ်မှတ် ထား ဗုံးကြဲမှုများ ဆက်တိုက် ပြုလုပ်နေသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်၊ မွန်းလွှဲ ၂ နာရီခွဲခန့်က မင်းတပ်မြို့ပေါ်ရှိ ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်းသို့ စစ်အုပ်စု တိုက်လေယာဉ်က ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချဖျက်ဆီးခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်၊ ကချင်ပြည်၊ ကရင်နီနှင့် ကရင်ပြည်တို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ ခရစ်ယာန် ဘာသာရေး အဆောက်အအုံများ စဉ်ဆက်မပြတ် ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည့် စစ်အုပ်စု၏ လုပ်ရပ်များကို ‘စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု’ အဖြစ် သတ်မှတ်ပေးရန် မြန်မာ့သုတေသနအဖွဲ့ (Burma Research Institute – BRI) က အမေရိကန် အစိုးရအဖွဲ့ထံ အောက်တိုဘာလ ၁၂ ရက်နေ့တွင် တိုက်တွန်း တောင်းဆိုထားသည်။

ဓာတ်ပုံ – (စစ်အုပ်စုတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ရသည့် ဗန်းမော်ရှိ KBC ဘုရားကျောင်း။ / EEDY)