မွန်တွင် စစ်တပ်က အရပ်ဝတ်ဖြင့် စစ်ဆေးဖမ်းဆီးငွေညှစ်နေသဖြင့် ဒေသခံများ စိုးရိမ်

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။

မွန်ပြည်အတွင်းရှိ မြို့နယ် ၁၀ ခုတွင် စစ်အုပ်စုတပ်က အရပ်ဝတ်များဖြင့် အသွင်ယူကာ လိုင်စင်မဲ့ယာဉ်များကို နေ့စဉ်ရက်ဆက် ဖမ်းဆီးစစ်ဆေးနေပြီး ဒေသခံများနှင့် ခြံလုပ်သားများကို ပစ်မှတ်ထား ဖမ်းဆီး ငွေညှစ်မှုများ ပြုလုပ်နေသဖြင့် စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြောင်း ဒေသခံများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက ပြောသည်။

စစ်အုပ်စုတပ်သည် မြို့ဝင်မြို့ထွက်များ၊ လမ်းဆုံလမ်းခွများနှင့် ကျေးရွာချင်းဆက် လမ်းများတွင် စစ်ဆေးရေး အရှိန်မြှင့်ဆောင်ရွက်နေပြီး ယာဉ်များကို စစ်ဆေးသည့်အပြင် လူပါ ပစ်မှတ်ထား ဖမ်းဆီးကာ မိသားစုများထံမှ ခြိမ်းခြောက် ငွေတောင်းခံခြင်းများ ပြုလုပ်လျက် ရှိသည်။

မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က “ယာဉ်တွေကို စစ်ဆေးရင်း လူငယ်တွေ ကိုပါ ဖမ်းပြီး စစ်မှုထမ်းအတွက် quota (သတ်မှတ်ချက်) တွေ ပြည့်အောင် လုပ်မယ့်သဘောတော့ တွေ့ရတယ်။ ဒါပေမဲ့ ဒီဖြစ် စဉ်တွေထဲက ဖမ်းဆီးခံရသူအားလုံးကို စစ်မှုထမ်းဖို့ ပို့လိုက်ပြီဆိုတာလည်း မဟုတ်ပြန်ဘူး။ ငွေညှစ်ပြီး ပြန် ရွေးခိုင်းတဲ့အဆင့်မှာပဲ ပြီးကြတာ များတယ်။ ငွေမရှိရင်တော့ သေချာပေါက် စစ်လေ့ကျင့်ရေးစခန်းထဲ ရောက် ကြမယ်လို့တော့ ပြောလို့ရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့က သံဖြူဇရပ်မြို့နယ်ရှိ ရာဘာခြံမှ ပြန်လာသည့် ခြံလုပ်သားများကို အသင့်စောင့်ဆိုင်းနေသည့် စစ်အုပ်စုတပ်က ဖမ်းဆီးခဲ့ပြီး လိုင်စင်မဲ့ယာဉ် အကြောင်းပြကာ ငွေညှစ်ခဲ့သလို၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင်လည်း မုဒုံမြို့နယ်၊ ကမာဝက်ကျေးရွာမှ ဝက်တဲကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားသည့် ဒေသခံတစ်ဦးနှင့် ခြံလုပ်သားတစ်ဦးတို့အား ဖမ်းဆီးစစ်ဆေး၍ ကျပ်သိန်း ၃၀၀ ငွေညှစ်ခဲ့သည်။

ထို့ပြင် စက်တင်ဘာ ၃၀ ရက်ကလည်း ရေးမြို့ရှိ မြို့ဝင်/ထွက် နေရာများနှင့် လူစည်ကားသည့် နေရာများတွင် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ယာဉ်နှင့်တကွ လူကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဆိုသည်။

သံဖြူဇရပ်မြို့နယ်မှ ရာဘာခြံလုပ်သား တစ်ဦးက “မွန်နဲ့ အောက်မြန်မာနိုင်ငံဒေသတွေမှာ ဆိုင်ကယ်က နေ့စဉ် အလုပ်သွားဖို့၊ ခြံထဲဝင်ဖို့နဲ့ ပစ္စည်းသယ်ဖို့ အဓိကအားထားရတဲ့ ယာဉ်ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ရာဘာခြံ လုပ်ငန်းတွေ လုပ်ရမယ့်အချိန်မှာ ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်ကြောင့် အလုပ်သွားဖို့ ခက်ခဲလာပါတယ်။ အလုပ် ပျက်ရင် နေ့စားလုပ်သားတွေနဲ့ သူတို့မိသားစုတွေရဲ့ ဝင်ငွေ၊ စားဝတ်နေရေးကို တိုက်ရိုက်ထိခိုက်နိုင်တယ် တခြားကိစ္စ ကျန်းမာ ပညာ လူမှုကိစ္စတွေရဲ့ ခက်ခဲမှုတွေ အများကြီး ပိုလာတယ်။ နေ့နေ့ညည ကြောက်လန့် နေရတယ်” ဟု ပြောသည်။

စစ်အုပ်စု၏ စစ်မှုထမ်း အပတ်စဉ် ၁ မှ အပတ်စဉ် ၆ အထိ (စစ်မှုထမ်း ပုဒ်မ အဓိပ္ပာယ်ဖွင့်ဆိုချက်များအရ) မွန်ပြည်အတွင်း၌ တစ်လလျှင် ပျမ်းမျှ လူဦးရေ ၂၀၀ နှုန်းဖြင့် စုဆောင်းခဲ့ရာ စုစုပေါင်း လူဦးရေ ၆,၀၀၀ ကျော် အထိ ရှိလာပြီဖြစ်ကြောင်း လွတ်လပ်သော သတင်းမီဒီယာများ ဖော်ပြသည်။

ယခုအခါ အရပ်ဝတ်ဖြင့် အသွင်ယူကာ မည်သည့်အချိန်၊ မည်သည့်နေရာတွင် ဖမ်းဆီးခံရမည်ကို လူငယ်များ အကြား စိုးရိမ်နေကြရသကဲ့သို့ ဖမ်းဆီးခံရသူများအား စစ်မှုထမ်း လေ့ကျင့်ရေး သင်တန်းကျောင်းများသို့ ပို့ဆောင်မည်ကိုလည်း အုပ်ထိန်းသူများက အထူးစိုးရိမ် ပူပန်နေကြရသည်။

ဓါတ်ပုံ – Crd