ဂွမြို့သို့ စစ်ကြောင်းထိုးရန် စစ်အုပ်စု ကြိုးစား၍ ဧရာဝတီ-ရခိုင် ဆက်သွယ်ရာ လမ်းပိုင်းတွင် တိုက်ပွဲပြန်ဖြစ်
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။
ဧရာဝတီတိုင်းမှတစ်ဆင့် ရခိုင်ပြည်၊ ဂွမြို့သို့ စစ်ကြောင်းထိုးရန် စစ်အုပ်စုတပ်က ထပ်မံကြိုးစားလာသော ကြောင့် သာပေါင်း-မကျည်းဇင် လမ်းပိုင်းတွင် နှစ်ဖက်ကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်နေကြောင်း ဒေသခံ စစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။
စစ်အုပ်စုတပ်သည် ဧရာဝတီနှင့် ရခိုင် ဆက်သွယ်ထားသည့် သာပေါင်း-မကျည်းဇင် လမ်းကြောင်းအတိုင်း အောက်တိုဘာလ ပထမအပတ်မှစ၍ စစ်ကြောင်းထိုးလာသဖြင့် AA ပူးပေါင်းတပ်နှင့် အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်နေ့အထိ ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် သာပေါင်းမြို့နယ်၊ ဘောမိကျေးရွာ၌ ခြေကုပ်ယူထားသည့် စစ်အုပ်စုတပ် တပ်မ (၆၆) လက်အောက် ခံတပ်များက ရခိုင်ရိုးမအစပ်သို့ စစ်ကြောင်းထိုးလျက်ရှိပြီး ဘောမိ၊ ဂျိုင်လယ်နှင့် မကျည်းဇင်ကျေးရွာ ဝန်းကျင် တို့တွင် တိုက်ပွဲများ အနီးကပ် ဖြစ်ပွားလျက်ရှိသည်။
ဧရာဝတီ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “သာပေါင်း-မကျည်းဇင် လမ်းကြောင်းအတိုင်း စစ်တပ် စစ်ကြောင်းနေတာ ဒီလမှာပို မြင့်လာတယ်။ ဘောမိ၊ ဂျိုင်လယ်နဲ့ မကျည်းဇင်ကျေးရွာ ဝန်းကျင်တွေ မှာ ထိတွေ့တိုက်ပွဲတွေဖြစ်နေတယ်။ အခုကြားတာက ကြည်း၊ ရေ၊ လေ ပူးပေါင်းကမ်းတက် စစ်ဆင်ရေး လုပ်မယ် ကြားတယ်။ ရွှေသောင်ယံဒေသဘက်မှာ တပ်မ (၆၆) ရဲ့ နည်းဗျူဟာတပ် တစ်ခု တပ်စွဲထားတယ်” ဟု ပြောသည်။
စစ်အုပ်စုတပ်သည် အင်အား ၁,၀၀၀ ကျော်အသုံးပြု၍ မကျည်းဇင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာပြီး ဂွမြို့နယ် အတွင်းရှိ ကျောက်ချွန်ကျေးရွာသို့ ဝင်ရောက်နိုင်ရန် လေကြောင်း၊ ရေကြောင်း ပစ်အားများကို အသုံး ပြုကာ ချဉ်းကပ်တိုက်ခိုက်နေပြီး ရခိုင်တောင်ပိုင်းတစ်ခုလုံးကိုလည်း ပိတ်ဆို့ထားသည်။
ဒေသခံ စစ်ရေးသတင်းအရင်းအမြစ် နောက်ထပ်တစ်ဦးက “အထိက ကျောက်ချွန်ဘက်ကို ရေကြောင်းက တက် ပြီး ကြက်သွန်ကွင်းကနေ စစ်ကူ၊ ခဲယမ်း အသယ်အပို့ရှိနေတယ်။ သာပေါင်း- မကျည်းဇင်လမ်းနဲ့ ရိုးနားမှာ တိုက်ပွဲရှိလာတော့ ရေကြောင်းပါ ကုန်းကြောင်းပါ တက်လာတာပါ။ အခုလေယာဉ်တွေ ကင်းထောက်နေတယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်အုပ်စုတပ်သည် ရခိုင်ရိုးမကို ကျော်လွန်၍ ရခိုင်တောင်ပိုင်းသို့ ခြေမချနိုင်သေးဘဲ ဧရာဝတီတိုင်း ရိုးမတောင်ခြေ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကာ စစ်အုပ်စုတပ်ဘက်မှ အကျအဆုံး ပိုမိုများပြားလျက်ရှိ သည်။
ဓါတ်ပုံ – AA Info Desk