ရခိုင်ပြည် ကျောက်တော်နှင့် ပေါက်တောကို စစ်တပ်က လေယာဉ်အုပ်စုလိုက်ဖြင့် ညဉ့်နက်သန်းခေါင် ဗုံးကြဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။

ရခိုင်စစ်မြေပြင်တွင် အကျအဆုံး များစွာဖြင့် တပ်ပြန်ဆုတ်နေရသည့် စစ်အုပ်စုတပ်သည် ကျောက်တော်နှင့် ဝီရဌာနီ (ပေါက်တော) မြို့နယ်တို့ရှိ တောင်တန်းများနှင့် အရပ်သား လူနေရပ်ကွက်များကို ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ် အုပ်စုလိုက်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ အနောက်ဘက်ရှိ ဦးစွန်းတောင် တောင်တန်းကို အောက်တိုဘာလ ၂၀ ရက်နေ့၊ နံနက် ၃ နာရီမှ စတင်ကာ ၄ နာရီကျော်အထိ ဂျက်ဖိုက်တာ အနည်းဆုံး ၅ စီးနှင့် Y-12 လေယာဉ် ၃ စီးခန့်ဖြင့် ပေါင် ၅၀၀ ဗုံးများ အပါအဝင် ဗုံးအလုံး ၂၀ ကျော် ကြဲချခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တောင်တန်းသည် ကန်စောက်တောင်နှင့် တစ်ဆက်တည်း တည်ရှိပြီး အနီးနားတွင် ဦးစွန်းတောင် အောက်၊ ဦးစွန်းတောင်အထက်၊ ညလီကန်၊ ကန်ချေပြင်နှင့် နီချေရွာ စသည့် ကျေးရွာများ တည်ရှိကာ ယခင် တိုက်ပွဲကာလကလည်း ကန်စောက်တောင် အမြောက်တပ် (၃၇၇) တပ်မှ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စခန်းချခဲ့ဖူး သည့် နေရာလည်း ဖြစ်သည်။

ကျောက်တော် ဒေသခံ အမျိုးသမီးတစ်ဦးက “တစ်ညလုံးနီးပါး ဆက်တိုက် ဗုံးလာကြဲတာ၊ တစ်စီးပြီးရင် တစ်စီး လာပစ်တာပဲ။ လေယာဉ်အုပ်စုလိုက် လာပြီး နာရီနဲ့ချီ ကြဲနေတော့ ကလေးတွေဆို လေယာဉ်သံ ကြားတာနဲ့တင် ကြောက်လန့်နေကြပြီ။ မနက်ထိ လုံးဝမအိပ်ရဲဘူး မိုးလင်းပေါက်ပဲ။ အရင်လို ဗုံးတစ်လုံးကြဲပြီး ပြန်သွားတာ မဟုတ်ဘဲ ဆက်တိုက်ကြဲတော့ ဒေသခံတွေ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ရတယ်” ဟု ပြောသည်။

ထို့ပြင် ပေါက်တောမြို့နယ်တွင်လည်း အောက်တိုဘာလ ၂၀ ရက်နေ့ ည ၁၀ နာရီခွဲကျော်၌ Y-12 နှင့် ဂျက်ဖိုက် တာများဖြင့် ညဉ့်နက်သန်းခေါင် ဗုံးကြဲခဲ့ရာ မြို့ပေါ် ရပ်ကွက်အတွင်းသို့ ဗုံး ၈ လုံး ကျရောက်ခဲ့သည့် အပြင် အနီးဝန်းကျင်ရှိ ဓားကိုင်တောင်တန်းနှင့် ပိန္နဲချောင်း တောင်တန်းတို့သို့ ဗုံးအလုံး ရာနှင့်ချီ ကြဲချခဲ့သည်။

ပေါက်တော မြို့ခံတစ်ဦးက “မြို့ပေါ် ရပ်ကွက်ထဲကိုလာကြဲတာဗျ။ ကိုယ်တို့ဒီမြို့ပေါ်ရပ်ကွက်ထဲကို ဗုံး ၈ လုံး ကျတယ်။ တောင်တန်းနှစ်ခုပေါ်ကိုတော့ ဗုံးအလုံးရေ ရာနဲ့ချီ ကြဲတာ။ ငပြီကျွန်း ဘက်မှာ တိုက်ပွဲပြင်းထန် နေတော့ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေ ရော၊ လက်နက်ကြီးတွေပါ ပစ်ကူပေးပြီး အရပ်သားတွေပါ မကျန် ရမ်းသန်း တိုက်ခိုက်နေတာ” ဟု ပြောသည်။

အဆိုပါ ပေါက်တောမြို့နယ် ငပြီကျွန်း မြေပြင်တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်ဘက်မှ ၃ ရက်အတွင်း ၁၀၀ နီးပါး သေဆုံးထားပြီးနောက် အရပ်သား ပြည်သူများ စခန်းချရာနှင့် ကျေးရွာများအနီးသို့ လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်လာခြင်း ဖြစ်သည်။

စစ်အုပ်စုတပ်သည် ဆုံးရှုံးသွားသည့် မြို့နယ်များကို ပြန်လည်ရရှိရန် စစ်ကြောင်း ၇ ခုဖြင့် ထိုးစစ်ဆင်နေသော် လည်း အာရက္ခတပ်တော် (AA) ၏ ခုခံစစ်ကြောင့် အထိနာကာ တပ်ပြန်ဆုတ်နေရချိန်၌ စစ်ရေးနှင့် မသက်ဆိုင် သည့် အရပ်သား ပစ်မှတ်များကို နေ့စဉ်ရက်ဆက် လေကြောင်းမှ တိုက်ခိုက်နေသဖြင့် ဒေသခံများ ဘေးလွတ် ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ဓာတ်ပုံ – (မြန်မာစစ်အုပ်စုတပ်၏ တိုက်လေယာဉ်တစ်စင်းကို တွေ့ရစဉ်။ – ပုံဟောင်း /AFP)