စွမ်းအင် ကဏ္ဍပူးပေါင်းဆောင်ရွက်နိုင်ရန် ထိုင်းက နေပြည်တော်သို့ သွားရောက်ဆွေးနွေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။
မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝဓာတ်ငွေ့ ပိုမိုထုတ်လုပ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်နိုင်ရေးတို့အတွက် နှစ်နိုင်ငံ စွမ်းအင်ဝန်ကြီးများ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Akanat Promphan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြပြီး၊ ထိုင်းနိုင်ငံ၏ ထိပ်တန်း စွမ်းအင်ကုမ္ပဏီများဖြစ်ကြသည့် PTT၊ PTTEP နှင့် EGAT တို့မှ တာဝန်ရှိသူများလည်း ပါဝင်ခဲ့ကြသည်။
ဆွေးနွေးပွဲကျင်းပနိုင်ရန် ထိုင်းကိုယ်စားလှယ်အဖွဲ့က နေပြည်တော်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲ၏ နောက်ဆက်တွဲ ရလဒ်များအဖြစ် လက်ရှိ စီမံကိန်းများမှ သဘာဝဓာတ်ငွေ့ ပိုမိုထုတ်လုပ်ကာ ထိုင်းနိုင်ငံသို့ ပိုမိုတင်ပို့နိုင်မည်ဖြစ်သကဲ့သို့ ပြည်တွင်း လျှပ်စစ်ဓာတ်အား ရရှိရေးအတွက်ပါ အထောက်အကူပြုနိုင်မည် ဖြစ်သည်။
ထို့ပြင် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်း စီမံကိန်းများ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်၍ နယ်စပ်ဒေသများသို့ လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်မည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ထားဝယ်ဒေသကို အခြေပြု၍ မြန်မာ၊ ထိုင်းနှင့် ရုရှား သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် စွမ်းအင်ကုန်သွယ်မှုများ ပေါ်ပေါက်လာနိုင်မည်လည်း ဖြစ်သည်။
သို့သော် ကရင်အမျိုးသားအစည်းအရုံး (KNU) က ထိန်းချုပ်မှုအချို့ ရှိနေသည့် ထားဝယ်ဒေသ၌ အဆိုပါ စွမ်းအင်စီမံကိန်းများကြောင့် စစ်ရေးအရ ဖိအားပေးမှုများ ရှိလာနိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေး လေ့လာသူများက သုံးသပ်ထားကြသည်။