ကချင်ပြည် ဗန်းမော်နှင့် ရွှေကူတို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်အုပ်စုက စစ်အုပ်ချုပ်ရေး သက်တမ်းတိုး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။

ကချင်ပြည်အတွင်းရှိ ဗန်းမော်နှင့် ရွှေကူမြို့နယ်များတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်း တပ်များက မြေပြင်ထိုးစစ်များကို ပြင်းထန်စွာ ခုခံတိုက်ခိုက်နေသဖြင့် စစ်အုပ်စုတပ်ဘက်မှ အကျအဆုံးနှင့် အထိနာလျက်ရှိရာ ထိုဒေသများ အပါအဝင် နိုင်ငံတဝှမ်းရှိ မြို့နယ် ၅၅ ခု၏ စစ်အုပ်ချုပ်ရေး သက်တမ်းကို ၃ လ ဆက်လက် တိုးမြှင့်လိုက်သည်။

ဗန်းမော်မြို့နယ်အတွင်း၌ မြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်ရန် ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် သင်္ဘောများဖြင့် တပ်ကူအင်အား ၁,၀၀၀ ကျော် ပို့ဆောင်ကာ မြေပြင်မှ ထိုးစစ်ဆင်လာသည့် စစ်အုပ်စုတပ်ကို KIA ပူးပေါင်းတပ် များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အောက်တိုဘာလ ၂၁ ရက်နေ့အထိ စစ်သင်္ဘောနှင့် ရေယာဉ် ၂၁ စင်းအထိ နစ်မြုပ် ပျက်စီးခဲ့ပြီး ဖြစ်သည်။

ရေကြောင်းနှင့် မြေပြင် နှစ်ဖက်စလုံးတွင် အထိနာနေသော စစ်အုပ်စုတပ်သည် ဗန်းမော်မြို့ အရှေ့၊ မြောက်နှင့် တောင်ဘက် သုံးမျက်နှာအပြင် မိုးမောက်မြို့အကြား ၃ မိုင်နေရာများသို့ ဂျက်တိုက်လေယာဉ်များဖြင့် နေ့စဉ် နီးပါး ဗုံးကြဲ ပစ်ကူပေးလျက်ရှိသည်။

မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “စစ်ကောင်စီဘက်က မြို့ကို အလုံးစုံ ပြန်ယူဖို့အတွက် မြစ်ကြောင်း ကနေ တပ်ကူတွေ အလုံးအရင်းနဲ့ တက်လာပြီး ထိုးစစ်ဆင်နေတာပါ။ ဒါပေမဲ့ ကျနော်တို့ ပူးပေါင်းတပ်တွေ ဘက်က ကြားဖြတ် တိုက်ခိုက်လို့ သင်္ဘောတွေပါ နစ်မြုပ်ပျက်စီးတာတွေ ရှိတဲ့အပြင် မြေပြင်မှာလည်း အပြင်း အထန် ခုခံနေရတော့ သူတို့ဘက်က အထိနာပြီး ဂျက်ဖိုက်တာတွေနဲ့ နေ့တိုင်း ရမ်းသန်း ဗုံးကြဲတိုက်ခိုက်နေတာ ပါ” ဟု ပြောသည်။

အလားတူ ရွှေကူမြို့နယ် အရှေ့ခြမ်း မန်နားနှင့် စီသာကျေးရွာအစပ်တို့တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အုပ်စုတပ်က အသေခံဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ အရပ်သားပြည်သူ တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကို သိသူ ဒေသခံတစ်ဦးက “အသေခံဒရုန်းနဲ့ ဗုံးသီး ၂ လုံး ချသွားတယ်။ မန်နားနဲ့ စီသာအစပ် လမ်းဆုံမှာ ကျတယ်လို့ ပြောတယ်ဗျ။ အဲ့ဒီမှာပဲ တစ်ယောက်ကတော့ သေသွားတယ်။ နှစ်ယောက်က ဒဏ်ရာရ သွားတယ်” ဟု ပြောသည်။

ထိုသို့ တိုက်ပွဲများ ပြင်းထန်နေချိန်တွင် စစ်အုပ်စုသည် ကချင်ပြည်အတွင်း KIA ထိန်းချုပ်ထားသည့် ဆွမ်ပရာ ဘွမ်၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေမြို့များ အပါအဝင် ရွှေကူမြို့နယ်တို့ကို အရေးပေါ် အခြေအနေ (စစ်အုပ် ချုပ်ရေး) သက်တမ်းကို နောက်ထပ် ရက် ၉၀ ထပ်မံ တိုးမြှင့်ကြောင်း အောက်တိုဘာလ ၁၈ ရက်စွဲဖြင့် ဆက်လက် ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိတွင် ဗန်းမော်နှင့် ရွှေကူ ဒေသများအတွင်း စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများနှင့် လေကြောင်း ရန် အန္တရာယ်ကြောင့် ဒေသခံ ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်သည်။

ဓါတ်ပုံ – Crd