လုံခြုံရေးအရ ChatGPT နှင့် Claude အသုံးပြုမှု ဆွီဒင်အစိုးရ ပိတ်ပင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၇ ရက်။

အချက်အလက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုများကြောင့် ဆွီဒင်အစိုးရသည် ၎င်း၏ဝန်ထမ်းများအား ဝဘ်ဘရောက်ဆာမှတစ်ဆင့် ChatGPT နှင့် Claude AI စနစ်များ အသုံးပြုခွင့်ကို အောက်တိုဘာ ၂၆ ရက်တွင် စတင်ပိတ်ပင်လိုက်သည်။

ဆွီဒင် ပို့ဆောင်ရေး အုပ်ချုပ်ရေးဌာန၏ AI နည်းပညာ သုံးစွဲမှုကို လေ့လာစိစစ်ရာမှတစ်ဆင့် စိုးရိမ်ဖွယ် အသုံးပြုမှုများကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အစိုးရ၏ အရေးကြီး လျှို့ဝှက်အချက်အလက်များကို AI စနစ်များအတွင်း ထည့်သွင်းရာတွင် အချက်အလက် ကာကွယ်ရေး သဘောတူညီချက် မရှိပါက အဆိုပါ အချက်အလက်များသည် AI ၏ လေ့ကျင့်သင်ကြားရေးစနစ် (Training Data) အတွင်းသို့ ရောက်ရှိသိမ်းဆည်းခံရမည်ကို အဓိက စိုးရိမ်ခြင်းဖြစ်သည်။

ဆွီဒင်အစိုးရအနေဖြင့် အချက်အလက် လုံခြုံရေး သဘောတူညီချက် ရရှိထားပြီးဖြစ်သော မိုက်ခရိုဆော့ဖ် (Microsoft) ၏ Copilot စနစ်ကို အစားထိုး သုံးစွဲရန် အကြံပြုထားသည်။

ဝန်ထမ်းအချို့အနေဖြင့် အစိုးရက သီးသန့်ဖန်တီးထားသည့် AI ပလက်ဖောင်းမှတစ်ဆင့်သာ ChatGPT နှင့် Claude တို့ကို အကန့်အသတ်ဖြင့် ဆက်လက် သုံးစွဲနိုင်မည်ဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံ၏ DeepSeek AI အပါအဝင် ခွင့်ပြုချက်မရသေးသည့် AI စနစ်များကိုလည်း အစိုးရဝန်ထမ်းများ အသုံးမပြုရစာရင်းတွင် ထည့်သွင်းထားသည်။