ရခိုင်ပြည် ကစ္ဆပနဒီမြစ်တွင်း စစ်တပ်ရေယာဉ် ၃ စီး တိုက်ခိုက်ခံရပြီး ၂ စီး နစ်မြုပ်၊ ၁ စီး ပျက်စီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။
ရခိုင်ပြည်၊ စစ်တွေမြို့၊ ကစ္ဆပနဒီမြစ်အတွင်း ကျောက်ချရပ်နားထားသော စစ်အုပ်စုတပ်၏ စစ်သင်္ဘော ၃ စီးကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၂ စီး နစ်မြုပ်ပြီး ၁ စီး ပျက်စီးသွားခဲ့ကြောင်း အေအေနှင့် နီးစပ်သူများက ပြောသည်။
စစ်တွေမြို့နှင့် ရသေ့တောင်မြို့အကြားရှိ ကစ္ဆပနဒီမြစ်အတွင်း ကျောက်ချရပ်နားနေသည့် ဖရီးဂိတ် (Frigate) အဆင့် စစ်သင်္ဘောတစ်စီးအပါအဝင် စစ်ရေယာဉ်သုံးစီး အောက်တိုဘာလ ၂၆ ရက် (သီတင်းကျွတ်လပြည့်နေ့) ညအချိန်က တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
တိုက်ခိုက်မှုနှင့်ပတ်သက်၍ အေအေနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက “သီတင်းကျွတ်လပြည့်နေ့ ညအချိန်မှာ အေအေက အဆင့်မြင့်နည်းပညာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အတွင်းသတင်းတွေအရ သိရပါတယ်။ စစ်သင်္ဘော ၃ စီးကို ရေအောက်ကလာတဲ့ ဒုံးကျည်နဲ့ပစ်တာလို့ ပြောနေကြတယ်။ ၂ စီး နစ်မြုပ်ပျက်စီးတယ်။ ကျွန်တော်တို့ သိသလောက် ငပြီကျွန်းဘက် တက်ဖို့ကြိုးစားတဲ့ ရေယာဉ်တွေပါ” ဟု ပြောသည်။
အေအေ၏ တိုက်ခိုက်မှုကို ခံရသည့် အဆိုပါ စစ်ရေယာဉ်အုပ်စုသည် စစ်တွေမြို့၏ လုံခြုံရေးတာဝန်ယူထား သည့် ရေတပ်အုပ်စုဖြစ်ပြီး ငပြီကျွန်းဘက်သို့လည်း လက်နက်ကြီး ပစ်ကူပေးနေသည့် ရေယာဉ်များ ဖြစ်သည်။
လက်ရှိတွင် အာရက္ခတပ်တော်၌ ရေပြင်စစ်ပွဲများတွင် စစ်အုပ်စုတပ်၏ စစ်ရေယာဉ်များကို ပြန်လည် ပစ်ခတ်တိုက်ခိုက်နိုင်သည့် အဆင့်မြင့်လက်နက်များ ရှိနေပြီဖြစ်ကြောင်းလည်း နီးစပ်သူအချို့က ဆိုသည်။
စစ်တွေမြို့နယ်အတွင်း တိုက်ပွဲများကြောင့် အကျအဆုံးများ ရှိနေသည့် စစ်အုပ်စုတပ်သည် အောက်တိုဘာလ နောက်ဆုံးအပတ်အတွင်း ရသေ့တောင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မြေပြင်အခြေအနေနှင့် ပတ်သက်၍ အခြားဒေသခံ သတင်းရင်းမြစ်တစ်ဦးက “စစ်တွေမြို့နဲ့ ဆက်စပ်တဲ့ ပတ် ဝန်းကျင် တစ်ခုလုံးလို့ ပြောလို့ရတယ်။ စစ်တွေ တစ်ဝိုက်မှာ ရွှေမင်းဂံချောင်းဝကနေစပြီး မယူမြစ်ဝအထိ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတယ်။ အဲ့တိုက်ပွဲတွေဟာ ရေကြောင်းမြစ်လက်တက်တွေ၊ ချောင်းငယ်၊ မြစ်ငယ်တွေမှာ ဖြစ်နေတာဖြစ်လို့ စစ်တွေဒေသခံတွေ ကြောက်လန့်တာတွေ ရှိနေပါတယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်တွေမြို့ကို ကာကွယ်ရန် စစ်အုပ်စုတပ်သည် စစ်သင်္ဘောများနှင့် အမြန်တိုက်ခိုက်ရေးရေယာဉ် များကို ကမ်းရိုးတန်းရေပြင်တွင် ပုံမှန်ကင်းလှည့်သွားလာခိုင်းခြင်းနှင့် အနီးကပ် လုံခြုံရေးယူထားခြင်းများကို လုပ်ဆောင်နေသည်။
ထို့ပြင် စစ်တွေမြို့နယ်အတွင်းနှင့် အနီးတစ်ဝိုက်ရှိ ရေတပ်စခန်းများတွင် ခုခံစစ်ပြင်ဆင်မှုကို အထူးတင်းကျပ် ထားပြီး အမြောက်ကြီးများဖြင့် ပစ်ခတ်နိုင်ရန် ပြင်ဆင်ထားသည်။
အေအေ၏ ထိုးစစ်နှင့် ရေကြောင်းစိုးမိုးနိုင်ခြေကို စိုးရိမ်နေသည့်အတွက် စစ်တွေမြို့သို့ ဆက်သွယ်သည့် ပင်လယ်ပြင်နှင့် မြစ်ကြောင်းသွား လမ်းကြောင်းများကိုလည်း စစ်ကောင်စီတပ်က တင်းကျပ်စွာ စစ်ဆေးရေး လုပ်ဆောင်နေသည်။
ထိုသို့သော အခြေအနေများကြောင့် ဒေသခံ ရေလုပ်သားများ၊ ငါးဖမ်းလှေများနှင့် ဒေသန္တရစက်လှေများကို သတ်မှတ်ဧရိယာပြင်ပသို့ ထွက်ခွာခွင့် တင်းကျပ်စွာ ကန့်သတ်ထားပြီး၊ သတ်မှတ်ချိန်နှင့် ဧရိယာဘောင်အတွင်း သာ ငါးဖမ်းဆီးခွင့်ပြုထားသည်။
ဓါတ်ပုံ – (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ AA ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက် တွေ့ရသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘောတစ်စီး။ / AA Info Desk)