ကချင်-စစ်ကိုင်း အစပ်တွင် စစ်အုပ်စု စစ်ကြောင်းထိုးနေ၍ ဒေသခံများ စစ်ဘေးရှောင်နေရ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်၊ အင်းတော်မြို့နယ်အတွင်း အထိနာနေသည့် စစ်အုပ်စု စစ်ကြောင်းသည် ဝန်းသို ဘက်မှ ပြန်လှည့်လာသည့် စစ်ကူစစ်ကြောင်းနှင့် ပူးပေါင်းကာ စစ်ကြောင်း ဆက်လက်ထိုးနေပြီး မြေပြင်တိုက်ပွဲ များနှင့် လေကြောင်း တိုက်ခိုက်မှုများ ဆက်လက်ပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် အင်းတော်မြို့နယ်အဆုံးပိုင်း ပိန္နဲကုန်းကျေးရွာအထိ စစ်အုပ်စုတပ်များ ရောက်ရှိလာပြီး ကျောင်းကုန်းကျေးရွာဘက်မှတစ်ဆင့် ထီးချိုင့်မြို့နယ်အတွင်းသို့ စစ်ကြောင်း ဆက်လက်ထိုးနေခြင်း ဖြစ်သည်။
ကျောင်းကုန်းနှင့် ပိန္နဲကုန်းတစ်ဝိုက်တွင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်အထိ တိုက်ပွဲများ ဆက် လက် ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် မြေပြင်သတင်းရင်းမြစ်က ပြောသည်။
ဒေသခံ တစ်ဦးက “အင်းတော်အဆုံး ပိန္နဲကုန်းဆိုတာ အင်းတော်မြို့နယ်ရဲ့ အဆုံးရွာပေါ့နော်။ အဲဒီရွာကို ရောက် ပြီတဲ့။ အဲဒီရွာကနေပြီးတော့မှ ဒိုးပင်တောင်တက်ရတယ်။ ဒီတောင်က အင်းတော်လည်းပိုင်တယ်၊ ထီးချိုင့် ဘက်ကလည်းပိုင်တယ်။ ကောလင်းနဲ့ ဝန်းသိုဘက်ကလည်း ပိုင်တယ်ဆိုတော့ ဘယ်သွားမလဲတော့ မပြောတတ် ဘူး။ သူများတွေပြောတာတော့ ကျောက်တန်းဘက်ကို ပေါက်တယ်။ ကျောက်တန်းဘက်ကို သွားနိုင်တယ်လို့ ပြောနေတယ်” ဟု ပြောသည်။
ထို့ပြင် စစ်အုပ်စုတပ်သည် မြေပြင်စစ်ကြောင်းထိုးမှုများအပြင် ဝေဟင်မှလည်း ထောက်ပို့မှုများကို အဓိကထား လုပ်ဆောင်နေသည်။ နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် Y-8 လေယာဉ်ဖြင့် ပစ္စည်းများ လာရောက်ချခဲ့ရာ တစ်နာရီခန့် ကြာမြင့်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
အခြားဒေသခံ တစ်ဦးက “မြေပြင်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။ လေကြောင်းက တော်တော်စိပ်တယ်။ ဒီနေ့မနက်ဆိုရင် Y-8 နဲ့ ပစ္စည်းတွေလာချသွားတာ အပတ် ၂၀ လောက်ရှိမလားမသိဘူး။ တစ်နာရီလောက်ရှိ တယ်” ဟု ပြောသည်။
လက်ရှိတိုက်ပွဲများနှင့် စစ်ကြောင်းထိုးမှုများကြောင့် အင်းတော်မြို့နယ်နှင့် ထီးချိုင့်မြို့နယ်အစပ်ရှိ ကျေးရွာ အချို့မှ ဒေသခံများမှာ နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်နေရဆဲဖြစ်ပြီး အချို့ကျေးရွာများတွင်လည်း ထပ်မံ တိမ်းရှောင်မှုများ ရှိနေသည်။
အင်းတော်မြို့နယ်ဘက်ရှိ ဘုဓလက်၊ ညောင်ကုန်း၊ အိုက်မ၊ ကျောင်းကုန်း၊ စကားပင်၊ ပိန္နဲကုန်းနှင့် ကျောက်ဆင် ကျေးရွာတို့မှ ဒေသခံများမှာ ဆက်လက် စစ်ဘေးရှောင်နေရဆဲ ဖြစ်ကာ ထီးချိုင့်မြို့နယ်ဘက်ခြမ်း ကျောက်အိုက် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင်လည်း စစ်ရှောင်မှုများ ရှိနေသည်။
မြေပြင်စစ်ရေးသတင်းရင်းမြစ် တစ်ဦးက “ရွာတွေတော်တော်များများကတော့ စစ်ရှောင်ခဲ့ကြတယ်။ ကျောင်း ကုန်းကနေ ကျော်လိုက်ရင် ထီးချိုင့်နယ်ထဲ ရောက်ပြီပေါ့နော်။ အဲဒီမှာဆိုရင် ကျောက်အိုက်နားတစ်ဝိုက်က ရွာတွေဆိုရင် စစ်ရှောင်ကြတာတွေ ရှိတယ်” ဟု ပြောသည်။
အင်းတော်မြို့နယ်အတွင်း အောက်တိုဘာလဆန်းပိုင်းမှစတင်ကာ အင်အား ၇၀၀ ဝန်းကျင်ရှိသည့် စစ်အုပ်စု စစ်ကြောင်း နှစ်ကြောင်းသည် မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါစစ်ကြောင်းများကို တော်လှန်ရေးအင်အားစုများက လမ်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်အုပ်စုဘက်တွင် ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး ဝန်းသိုမြို့နယ်ဘက်သို့ ဦးတည်သွားခဲ့သည့် စစ်ကြောင်းမှာ လည်း မူလစစ်ကြောင်းထံသို့ စစ်ကူပေးရန် ပြန်လှည့်လာခဲ့ရကာ အထိနာနေသည့် တပ်စိတ်များနှင့် ပူးပေါင်း၍ စစ်ဆင်ရေးများ ဆက်လက် လုပ်ဆောင်နေခြင်း ဖြစ်သည်။
Photo:CJ