မွန်ပြည်နယ် ရေးမြို့နယ်၌ စစ်အုပ်စု စစ်ကြောင်း မိုင်းဆွဲခံရပြီး တပ်ကြပ်ကြီး အပါအဝင် ၃ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။
မွန်ပြည်၊ ရေးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အုပ်စုတပ်ဖွဲ့ကို ရာမညမွန်တပ်တော် (RMA) က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးတစ်ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း RMA က နိုဝင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။
လွန်ခဲ့သည့် အောက်တိုဘာလ ၃၁ ရက်၊ နံနက် ၉ နာရီခန့်က ရေးမြို့နယ်၊ ဒူးရားကျေးရွာဘက်သို့ စစ်ကြောင်း ထိုးလာသည့် အင်အား ၅၀ ခန့်ပါ ခမရ (၅၈၆) နှင့် ခမရ (၂၉၉) စစ်ကြောင်းကို RMA က မိုင်းဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ RMA ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက “ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေဖြစ်တဲ့ ခမရ ၅၈၆ နဲ့ ခမရ ၂၉၉ က အင်အား ၅၀ ခန့်ပါတဲ့ စစ် ကြောင်းဟာ ရေးမြို့နယ် ဒူးရာကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက် လာတယ် ဆိုတဲ့ သတင်းရတာနဲ့ ကျနော်တို့ ရာမညမွန်တပ်တော် (RMA) တပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ ဒီတိုက်ခိုက်မှု အတွင်း စစ်ကောင်စီတပ် တပ်ဘက်က တပ်ကြပ်ကြီးတစ်ဦး အပါအဝင် သုံးဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီးတော့ ကျွန်တော်တို့ RMA တပ်ဖွဲ့ဝင်တွေကတော့ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့တယ်” ဟု ပြောသည်။
RMA အနေဖြင့် မိမိတို့ စိုးမိုးထိန်းချုပ်ရာ နယ်မြေများအတွင်း စစ်အုပ်စုတပ်များ အလွယ်တကူ ဝင်ရောက် စခန်းချခြင်းနှင့် နယ်မြေစိုးမိုးရေး ဆောင်ရွက်မှုများကို လုံးဝလက်ခံမည် မဟုတ်ဘဲ၊ ဝင်ရောက်လာသည့် စစ်ကြောင်းများကို ရသည့်နည်းဖြင့် ဆက်လက်တိုက်ထုတ်သွားမည်ဟု အသိပေးထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ရေး၊ မုဒုံ၊ ကျိုက်မရောနှင့် ကြာအင်းဆိပ်ကြီး စသည့် မြို့နယ်များ၌ စစ်အုပ်စုတပ်နှင့် RMA မဟာမိတ်တပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲပေါင်း ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
နိုင်ကောင်းစကားက “ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကျနော်တို့ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲကြီး တိုက်ပွဲငယ် ထိတွေ့တိုက်ခိုက်မှုပေါင်း လေးကြိမ် ထက်မနည်းရှိခဲ့တယ်။ ဒါ့အပြင် ကျနော်တို့ မဟာမိတ် KNU, KNLA နယ်မြေတွေမှာလည်း ပူပေါင်း ခုခံတိုက်ခိုက်နေတဲ့ တိုက်ပွဲတွေလည်း ရှိတာပေါ့ဗျာ။ စစ်ကောင်စီဘက်က နယ်မြေစိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းထိုးတာနဲ့ ဂိတ်စခန်း အထိုင်တပ်စွဲမှုတွေကို လွန်ခဲ့တဲ့လတွေထက် ပိုမိုတိုးမြှင့်လှုပ်ရှားလာတဲ့ အခြေအနေမျိုးရှိတယ်လို့ သုံးသပ်ရတာပေါ့ဗျာ” ဟု ဖြည့်စွက်ပြောဆိုသည်။
ရာမညမွန်တပ်တော် (RMA) သည် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး – NMSP-AD) နှင့် မွန်ပြည် လွတ်မြောက်ရေးတပ်တော် (MLA) တို့ ပူးပေါင်းကာ ၂၀၂၅ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ သည့် တပ်ဖွဲ့ဖြစ်သည်။
RMA တပ်တော်ကို NMSP-AD ၏ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုအတိုင်း စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်ရေးအရ နယ်မြေအတွင်းရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးတွဲစစ်ဆင်ရေးများနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများကို စက်တင်ဘာနှင့် အောက်တိုဘာလများအတွင်း ပိုမိုတိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။
ဓါတ်ပုံ – (Ramonnya Mon Army – RMA)