ရခိုင်ပြည် ပုဏ္ဏားကျွန်း ဗျာလစစ်ရှောင်စခန်း ဗုံးကြဲခံရ၍ ၈ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင် ၁,၅၀၀ ကျော် ခိုလှုံနေထိုင်ရာ ဗျာလစစ်ရှောင်စခန်းကို ယနေ့ (နိုဝင်ဘာ ၁၃ ရက်) ည ၇ နာရီခန့်တွင် စစ်အုပ်စုတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက် ခိုက်ခဲ့ရာ ကနဦးအချက်အလက်များအရ စစ်ဘေးရှောင် ၈ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်ထဲက သရက်ချိုနှင့် ယိုးငူကျေးရွာအနီးရှိ အဆိုပါ ဗျာလစစ်ရှောင်စခန်း ဗုံးကြဲခံရမှုတွင် ဒဏ်ရာပြင်းထန်သူများ ပါဝင်နေသဖြင့် သေဆုံးသူဦးရေ ထပ်မံတိုးလာနိုင်ခြေ ရှိနေသည်။
ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက “ဗျာလ စစ်ဘေးရှောင်စခန်းကို ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့တယ်။ သေဆုံး ဒဏ်ရာရတာများတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူး” ဟု ပြောသည်။
အိမ်ထောင်စု ၄၃၉ စု၊ လူဦးရေ ၁,၅၀၀ ကျော် နေထိုင်လျက်ရှိသည့် ဗျာလစစ်ရှောင်စခန်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်ကလည်း စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရဖူးပြီး ထိုစဉ်က စစ်ဘေး ရှောင် ၅ ဦး သေဆုံးခဲ့ရသည်။
ရခိုင်ပြည်အတွင်း လူမှုကူညီရေး ဆောင်ရွက်နေသူ စာရေးဆရာ ကိုဝေဟင်အောင်က “ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာနဲ့ သရက်ချိုရပ်ရွာကြားက ဗျာလစစ်ဘေးရှောင်စခန်းကို ညနေ ၇ နာရီခန့်က အကြမ်းဖက် ဖက်ဆစ် စကစ လေတပ်က ပေါင် ၅၀၀၊ ဗုံး ၂လုံးကြဲချ တိုက်ခိုက်လို့ စစ်ဘေးရှောင် ၁၀ ဦးသေဆုံးပြီး ၂၀ ဦးခန့် ထိခိုက် ဒဏ်ရာရဟု ကနဦးသိရှိရ” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားပြောဆိုထားသည်။
ယခုတစ်ကြိမ် တိုက်ခိုက်မှုသည် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား သတ်ဖြတ်ခြင်းဖြစ်ကြောင်း အဆိုပါ ပုဏ္ဏားကျွန်း ဒေသခံက ထောက်ပြသည်။
“သေနှုန်းကလည်း ဒီထက်တိုးလာနိုင်သေးတယ်လို့ အဲဒီဘက်က လှမ်းပြောတာ ရှိတယ်ဗျ။ ဒါက အကြောင်းမဲ့ တိုက်ခိုက်တာဗျ။ အဓိကက ပြည်သူကို သတ်ဖြတ်ချင်လို့ ရည်ရွယ်ချက်ရှိရှိ လာတိုက်တာ ဖြစ်တယ်။ ဒီစခန်းကို ၁၀ လပိုင်း ၄ ရက်နေ့တုန်းကလည်း သူတို့ တစ်ခေါက်တိုက်ခိုက်ခဲ့ပြီးပြီ။ အဲဒီတုန်းကလည်း လူစုစုပေါင်း ၅ ယောက် သေဆုံးခဲ့ပြီဗျ ဒီစခန်းကပဲ။ ရည်ရွယ်ချက်ရှိရှိကို ဗုံးကြဲနေတာ” ဟု ပြောသည်။
စစ်အုပ်စုတပ်သည် ရခိုင်ပြည်အတွင်းရှိ လူနေမြို့ရွာများ၊ စစ်ဘေးရှောင်စခန်းများနှင့် စာသင်ကျောင်းများကို နေ့စဉ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက် ရှိသည်။
ယမန်နေ့ (နိုဝင်ဘာ ၁၂ ရက်) ညနေပိုင်းကလည်း မြောက်ဦးမြို့ပေါ်ရှိ စာသင်ကျောင်းနှင့် မြောက်ဦးခရိုင် ပညာရေးမှူးရုံးတို့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသဖြင့် ၂ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ထားသည်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့ (NLTA) ၏ နိုဝင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရလည်း ပြီးခဲ့သည့် ဇူလိုင်လမှ စက်တင်ဘာလအထိ သုံးလတာကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း လူ ၅ ဦးနှင့်အထက် သေဆုံးခဲ့ရ သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု အကြိမ် ၂၀ ကျော် ဖြစ်ပွားခဲ့ပြီး အရပ်သား ၂၀၇ ဦးထက်မနည်း သေဆုံးခဲ့သည်။
ထိုဖြစ်စဉ်များအနက် ရခိုင်ပြည်သည် အရပ်သား ၇၇ ဦး သေဆုံးမှုဖြင့် နိုင်ငံတစ်ဝန်း ထိခိုက်သေဆုံးမှု အများဆုံး ဒေသအဖြစ် မှတ်တမ်းဝင်နေပြီး၊ စက်တင်ဘာလ ၂၈ ရက်နေ့က ကျောက်တော်မြို့၊ အိန္ဒိယဈေးနှင့် တံတားအနီး လေကြောင်းတိုက်ခိုက်ခံရမှုမှာ အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။
ပုံစာ – ပုဏ္ဏားကျွန်း ဗျာလစစ်ရှောင်စခန်း ဗုံးကြဲခံရ၍အရပ်သား ထိမှန်သေဆုံးမှု မြင်ကွင်း။ / ဓါတ်ပုံ – Wai Hun Aung)