ဟိမဝန္တာ သစ်တောများ ထိန်းသိမ်းနိုင်မှုကြောင့် ဘူတန်နိုင်ငံ ၂၀၂၆ Earthshot ဆု ဆွတ်ခူး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်။

ဟိမဝန္တာတောင်တန်းဒေသရှိ သစ်တောများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့သည့်အတွက် ဘူတန်နိုင်ငံသည် ၂၀၂၆ ခုနှစ်အတွက် ချီးမြှင့်သည့် Earthshot ဆုကို ဆွတ်ခူးရရှိခဲ့ပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းခန့် ရရှိခဲ့သည်။

လူဦးရေ ၈ သိန်းခန့်သာ နေထိုင်သည့် ဘူတန်နိုင်ငံသည် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အတိအလင်း ပြဋ္ဌာန်းထားပြီး အရေးပါသည့် မြစ်ဖျားခံရေဝေရေလဲဒေသများကို ကာကွယ်စောင့်ရှောက်နိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဆုချီးမြှင့်ခံခဲ့ရခြင်း ဖြစ်သည်။

ဘူတန်နိုင်ငံ၏ အခြေခံဥပဒေအရ နိုင်ငံဧရိယာ၏ အနည်းဆုံး ၆၀ ရာခိုင်နှုန်းကို သစ်တောအဖြစ် ထိန်းသိမ်းရမည်ဟု သတ်မှတ်ထားသော်လည်း လက်ရှိတွင် ၇၀ ရာခိုင်နှုန်းနီးပါးအထိ ထိန်းသိမ်းထားနိုင်သကဲ့သို့ ကမ္ဘာ့ပထမဆုံး ကာဗွန်ထုတ်လွှတ်မှုထက် စုပ်ယူမှုပိုမိုများပြားသည့် နိုင်ငံလည်း ဖြစ်သည်။

ဘူတန်၏ သစ်တောများသည် တောင်အာရှဒေသရှိ လူဦးရေ ၁ ဒသမ ၆ ဘီလီယံကို အကျိုးပြုနေသော ဟိမဝန္တာ ရေချိုစနစ်များကိုပါ ထိန်းသိမ်းပေးထားသည်။

ဘူတန်စတုတ္ထမြောက်ဘုရင်၏ သမီးတော် မင်းသမီး ချီမီ ယန်ဇွန် ဝမ်ချွတ်က ဘူတန်နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်းသည် ၎င်းတို့၏ ဓလေ့စရိုက်တစ်ခု ဖြစ်သကဲ့သို့ အမျိုးသားရေး တာဝန်တစ်ရပ်လည်း ဖြစ်ပြီး၊ ကတိကဝတ်တစ်ခု သက်သက်မဟုတ်ဘဲ ဥပဒေတစ်ရပ် ဖြစ်ကြောင်း ပြောကြားသည်။

ရရှိသည့် ဆုကြေးငွေ ပေါင် ၁ သန်းကို လာမည့် ၂၀၃၀ ပြည့်နှစ်အမီ ပျက်စီးနေသည့် သစ်တော၊ စိုက်ပျိုးမြေနှင့် မြို့ပြရှုခင်း ဟက်တာ ၅၀,၀၀၀ ကို ပြန်လည်ထူထောင်မည့် “Restore Bhutan” အမျိုးသားစီမံကိန်းတွင် အသုံးပြုသွားမည် ဖြစ်သည်။