၂၀၃၅ ခုနှစ်တွင် အစ္စလာမ်သည် ကမ္ဘာ့လူဦးရေ အများဆုံး ကိုးကွယ်သည့် ဘာသာ ဖြစ်လာဖွယ်ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်။
လာမည့် ဆယ်စုနှစ် အလယ်ပိုင်းခန့်တွင် အစ္စလာမ်ဘာသာသည် ခရစ်ယာန်ဘာသာကို ကျော်တက်၍ ကမ္ဘာ့လူဦးရေ အများဆုံး ကိုးကွယ်သည့် ဘာသာ ဖြစ်လာရန် ရှိနေကြောင်း အမေရိကန်အခြေစိုက် Pew သုတေသနစင်တာက ခန့်မှန်းလိုက်သည်။
ရာစုနှစ်ပေါင်းများစွာကြာအောင် ကမ္ဘာ့လူဦးရေ အများဆုံး ကိုးကွယ်သည့် ဘာသာအဖြစ် ရပ်တည်ခဲ့သော ခရစ်ယာန်ဘာသာကို အစ္စလာမ်ဘာသာက လာမည့် ၂၀၃၅ ခုနှစ်အရောက်တွင် ကျော်တက်သွားဖွယ် ရှိနေခြင်း ဖြစ်သည်။
Pew သုတေသနစင်တာ၏ ထုတ်ပြန်ချက်အရ ၂၀၃၅ ခုနှစ်တွင် ကမ္ဘာ့မွတ်စလင်လူဦးရေသည် ၂ ဒသမ ၅၇ ဘီလီယံအထိ ရောက်ရှိလာမည်ဖြစ်ပြီး၊ ခရစ်ယာန်ဘာသာဝင် ဦးရေမှာ ၂ ဒသမ ၅၂ ဘီလီယံ ရှိမည်ဟု ခန့်မှန်းထားသည်။
ယင်းနှုန်းအတိုင်း ဆက်လက်ဖြစ်ပေါ်ပါက လာမည့် ၂၀၇၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာပေါ်၌ မွတ်စလင်လူဦးရေ ၃ ဒသမ ၆ ဘီလီယံနှင့် ခရစ်ယာန်လူဦးရေ ၃ ဘီလီယံ ရှိလာမည်ဖြစ်ပြီး၊ ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၃၇ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်လာမည်ဖြစ်သည်။
ထိုသို့ အပြောင်းအလဲ ဖြစ်ပေါ်လာရခြင်း၏ အဓိက အကြောင်းရင်းမှာ မွတ်စလင် အမျိုးသမီးများ၏ ကလေးမွေးဖွားနှုန်း မြင့်မားနေခြင်းကြောင့် ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မွတ်စလင် အမျိုးသမီးတစ်ဦး၏ ပျမ်းမျှကလေးမွေးဖွားနှုန်းသည် ၃ ဒသမ ၁ ဦး ရှိနေချိန်တွင် ခရစ်ယာန် အမျိုးသမီးများမှာ ၂ ဒသမ ၅ ဦးနှင့် အခြားဘာသာဝင် အားလုံးပေါင်း၏ ပျမ်းမျှမွေးဖွားနှုန်းမှာ ၁ ဒသမ ၆ ဦးသာ ရှိခဲ့သည်။
အခြားဘာသာများ၏ အခြေအနေတွင်မူ လာမည့် ၂၀၇၀ ပြည့်နှစ်အရောက်၌ ဟိန္ဒူဘာသာဝင် အရေအတွက် တိုးပွားလာသော်လည်း ကမ္ဘာ့လူဦးရေ အချိုးအစားတွင် ၁၃ ဒသမ ၆ ရာခိုင်နှုန်းအထိ အနည်းငယ် လျော့ကျသွားမည်ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်များမှာမူ လူဦးရေရော အချိုးအစားပါ ကျဆင်းသွားပြီး ကမ္ဘာ့လူဦးရေ၏ ၂ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိတော့မည်ဟု ဆိုသည်။
ထို့အပြင် ဘာသာမဲ့များ၏ အချိုးအစားမှာလည်း ၂၀၂၀ ပြည့်နှစ်တွင် ၂၄ ရာခိုင်နှုန်း ရှိရာမှ ၂၀၇၀ ပြည့်နှစ်တွင် ၁၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားရန် ရှိနေသည်။