ဖောက်ထွင်းမှု ၃၀ ကျူးလွန်မှုဖြင့် မြန်မာပြည်မှ ရွှေ့ပြောင်း အခြေချသူ ၂ ဦးကို အမေရိကန် ရဲ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။

အမေရိကန်ပြည်ထောင်စု၊ နီဘရာစကာပြည်နယ်၊ အိုမာဟာမြို့တွင် ဖောက်ထွင်းမှု အကြိမ် ၃၀ ဝန်းကျင်နှင့် ဆက်စပ်၍ အသက် ၂၇ နှစ်အရွယ် ကျော်ပေါ (Kyaw Paw) နှင့် အသက် ၁၉ နှစ်အရွယ် ဆာကပေါ်စေး (Hsar Kpaw Say) တို့ နှစ်ဦးကို ဒေသခံရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

၎င်းတို့နှစ်ဦးသည် အရောင်းတင်ထားသည့် လူမနေသော အိမ်လွတ်များကို အဓိက ပစ်မှတ်ထား ဖောက်ထွင်းခဲ့ခြင်းဖြစ်ပြီး အိမ်အတွင်းရှိ ကြေးပိုက်များကို ဖြတ်ခိုးကာ သံတိုသံစအဖြစ် ပြန်လည်ရောင်းချရန် အိမ်နံရံများနှင့် မျက်နှာကြက်များကို ရိုက်ချိုးဖျက်ဆီးခဲ့ကြသည်။

ခိုးယူသွားသည့် ကြေးပိုက်တန်ဖိုးထက် နေအိမ်များ ပျက်စီးဆုံးရှုံးသွားသည့် တန်ဖိုးက ဒေါ်လာထောင်နှင့်ချီ ပိုမိုများပြားနေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

သံသယရှိသူများ စီးနင်းသည့် ယာဉ်ကို ရဲတပ်ဖွဲ့က ခြေရာခံ လိုက်လံစုံစမ်းရင်း မြောက်ဘက် ၉၃ လမ်းပေါ်ရှိ အိမ်လွတ်တစ်လုံး၌ ဖောက်ထွင်းနေစဉ် လက်ပူးလက်ကြပ် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်နေရာမှ ကြေးနီ အလေးချိန် ၂၅ ပေါင်ကျော်ကိုလည်း ပြန်လည်သိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် သံသယရှိသူ တစ်ဦး၏ နေအိမ်ကို ဆက်လက်ရှာဖွေရာတွင် စိန့်ဗင်းဆင့် အော်သိုဒေါ့ ခရစ်ယာန်ဘုရားကျောင်း (St. Vincent of Lerins Church) မှ ခိုးယူခံထားရသည့် ဘာသာရေးဆိုင်ရာ ပစ္စည်းများကိုပါ တွေ့ရှိခဲ့ပြီး အခြား ဘုရားကျောင်း နှစ်ကျောင်း ဖောက်ထွင်းခံရမှုများနှင့် ဆက်စပ်မှု ရှိ၊ မရှိကိုလည်း ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးလျက်ရှိသည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးစလုံးကို ဖောက်ထွင်းမှု စွဲချက် လေးခုစီဖြင့် တရားစွဲဆိုထားပြီး ကျန်ရှိနေသည့် အမှုပေါင်း ၃၀ နီးပါးအတွက် စွဲချက်များ ထပ်တိုးလာဖွယ် ရှိနေသည်။

ဖမ်းဆီးခံရသူနှစ်ဦး၏ အမည်များမှာ မြန်မာနိုင်ငံမှ ကရင်တိုင်းရင်းသားများ မှည့်ခေါ်လေ့ရှိသည့် အမည်များဖြစ်ပြီး အိုမာဟာမြို့သည်လည်း မြန်မာနိုင်ငံမှ ကရင်တိုင်းရင်းသား ဒုက္ခသည် အများအပြား ရွှေ့ပြောင်းအခြေချ နေထိုင်သည့် မြို့တစ်မြို့ ဖြစ်သည်။