ပါကစ္စတန် အာကာသယာဉ်မှူး ပထမဆုံး လိုက်ပါသွားသည့် အာကာသယာဉ် တရုတ် လွှတ်တင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။

ပါကစ္စတန် အာကာသယာဉ်မှူး တစ်ဦး ပထမဆုံးအကြိမ် လိုက်ပါသွားသည့် ရှန်ကျိုး-၂၄ (Shenzhou-24) အာကာသယာဉ်ကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် လွှတ်တင်လိုက်သည်။

တရုတ်အာကာသစခန်းသို့ သွားရောက်မည့် အဆိုပါခရီးစဉ်တွင် အသက် ၄၀ အရွယ် ပါကစ္စတန် လေတပ်မှူး မိုဟာမက် ဇီးရှန် အလီ (Muhammad Zeeshan Ali) လိုက်ပါသွားခြင်း ဖြစ်သည်။

၎င်းသည် အာကာသအတွင်း ရောက်ရှိဖူးသည့် ပထမဆုံး ပါကစ္စတန်နိုင်ငံသား ဖြစ်သကဲ့သို့ တရုတ်အာကာသစခန်းပေါ် တက်ရောက်ခွင့်ရသည့် ပထမဆုံး နိုင်ငံခြားသားလည်း ဖြစ်သည်။

အတူလိုက်ပါသွားသည့် တရုတ်အာကာသယာဉ်မှူး နှစ်ဦးက အာကာသစခန်းပေါ်တွင် ၆ လကြာ နေထိုင်မည်ဖြစ်သော်လည်း ဇီးရှန် အလီမှာမူ ၅ ရက်မှ ၁၀ ရက်အထိသာ နေထိုင်ပြီး သိပ္ပံစမ်းသပ်မှု ၄ ခု လုပ်ဆောင်သွားမည် ဖြစ်သည်။

ယင်းတို့အနက် အာကာသရောင်ခြည် ကာကွယ်ရေးပစ္စည်းများ၊ အလိုအလျောက် ပြန်လည်ပြုပြင်နိုင်သည့် ကာဗွန်ဖိုင်ဘာ နည်းပညာများအပြင် အာကာသအတွင်း အစားအစာနှင့် အောက်ဆီဂျင် ထုတ်လုပ်နိုင်မည့် မျိုးစေ့နှင့် ရေညှိစမ်းသပ်မှုများ ပါဝင်သည်။

အမေရိကန်နှင့် တရုတ်ကြား လကမ္ဘာသွားရေး ပြိုင်ဆိုင်မှု ပြင်းထန်နေချိန်တွင် တရုတ်ဘက်ကလည်း ပါကစ္စတန် အပါအဝင် နိုင်ငံတကာနှင့် အာကာသကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာခြင်း ဖြစ်သည်။