မွန်ပြည်နယ် ကျိုက်ထိုတွင် ကျေးရွာ ၇ ရွာ မီးရှို့ခံရပြီး ပြည်သူများ စစ်ရှောင်နေရ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်းသို့ နိုဝင်ဘာလဆန်းပိုင်းမှစ၍ ရက်ပေါင်း ၂၀ ခန့်ကြာ စစ်ကြောင်းထိုးဝင် ရောက်ခဲ့သည့် စစ်အုပ်စုတပ်သည် ပြန်လည်ဆုတ်ခွာချိန်တွင် ကျေးရွာ ၇ ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အလုံး ရေ ၁၂၀ ကျော် ပြာကျခဲ့ပြီး ဒေသခံထောင်ချီ နေရပ်မပြန်ရဲဘဲ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်၍ စစ်အုပ်စုတပ်က အင်အား ၁,၂၀၀ ကျော် အသုံးပြုကာ ကရင်အမျိုးသား အစည်းအရုံး (KNU) ဒူးသထူ (သထုံ) ခရိုင်၊ တပ်မဟာ (၁) နယ်မြေဖြစ်သည့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာ များသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် သိမ်ဇရပ်မြို့ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၂၀၇) အတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ခြင်း ဖြစ်သည်။
စစ်ကြောင်းပြန်လည်ဆုတ်ခွာချိန်တွင် ကျောက်ဖျာ (ဆောသူးခီး) ကျေးရွာအုပ်စုအပါအဝင် ကျောက်ဖျာ၊ ချောင်း စောက်၊ နတ်စင်၊ ရွာသစ်၊ မိုးဘော၊ ခမောက်ခွင်နှင့် ကော်ကာကျေးရွာများ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ချောင်းစောက် နှင့် နတ်စင်ကျေးရွာတို့တွင် တစ်ရွာလုံးနီးပါး မီးလောင်ပြာကျခဲ့သည်။
ဒေသတွင်း စစ်ရှောင်များကို အကူအညီပေးနေသူ တစ်ဦးက “လူဦးရေ အတိအကျ ပြောဖို့ခက်တယ်။ စစ်ရှောင် နေရတာ ငါးထောင်ကျော်လောက် ရှိနိုင်တယ်။ ထောင်ကြီးပိုင်းပဲ။ အခုက တော်တော်လေးကို ခက်ခဲတယ်။ ရွာထဲလည်း ပြန်လို့မရသေးဘူး။ စစ်ကြောင်း ပြန်ထွက်သွားတဲ့အချိန် ရွာထဲပြန်ကြည့်တော့ ဘာမှမကျန်တော့ ဘူး။ အကုန်ပြာကျကုန်ပြီ။ ချောင်းစောက်နဲ့ နတ်စင်ရွာဆိုရင် တစ်ရွာလုံးနီးပါး ကုန်သွားတာ။ မီးမလောင်ဘဲ ကျန်ခဲ့ တဲ့ အိမ်တွေထဲက ပစ္စည်းတွေအကုန်လုံးကိုလည်း စစ်ကားတွေနဲ့ တင်ယူသွားကြတယ်” ဟု ပြောသည်။
မီးရှို့ဖျက်ဆီးခံရသည့် အဆောက်အအုံများထဲတွင် ဒေသခံများ အားထားနေရသည့် ကျန်းမာရေး ဆေးပေးခန်း များပါ မီးလောင်ပျက်စီးသွားသဖြင့် လက်ရှိတွင် ဆေးဝါးကုသရေး အခက်အခဲများ ကြုံတွေ့နေရသလို တော တောင်များအတွင်း တိမ်းရှောင်နေရသည့် ဒေသခံများမှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ စောင်နှင့် ခြင်ထောင်များ အရေးပေါ် လိုအပ်လျက်ရှိသည်။
ထို့ပြင် စစ်အုပ်စုတပ်သည် ဒေသခံများပိုင်ဆိုင်သည့် မော်တော်ယာဉ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် မော် တော်ယာဉ် ၅ စီး၊ ဆိုင်ကယ် ၁၂ စီး၊ မီးစက်၊ ရေခဲသေတ္တာနှင့် အင်ဗာတာ အပါအဝင် တန်ဖိုးကြီးပစ္စည်းများကို စစ်ကား ၄၈ စီးဖြင့် သယ်ဆောင်သွားခဲ့ပြီး စစ်ကြောင်းဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့မည်ကို ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြသည်။
စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက“အခုချိန်ထိ ရွာထဲကို ဘယ်သူမှ ပြန်မဝင်ရဲကြသေးဘူး။ လေယာဉ်နဲ့ ဒရုန်း တွေကလည်း အချိန်မရွေး လာပစ်နိုင်သလို စစ်ကြောင်းပြန်သွားတဲ့ လမ်းတစ်လျှောက်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့မှာကို အရမ်းကြောက်နေရတယ်။ တောထဲမှာ နေရတာကလည်း စားစရာရော ဆေးဝါးပါ ပြတ် လပ်နေပြီ” ဟု ဆိုသည်။
အချိန်သုံးပတ်နီးပါး ကြာမြင့်ခဲ့သည့် အဆိုပါ စစ်ဆင်ရေးကာလအတွင်း စစ်အုပ်စုတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲအကြိမ် ၄၀ ထက်မနည်း ဖြစ်ပွားခဲ့ကာ စစ်အုပ်စုဘက်မှ လေကြောင်းနှင့် လက် နက်ကြီး ပစ်ကူများ အပြင်းအထန် အသုံးပြုခဲ့မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။
တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်ဘက်မှ အများအပြား ထိခိုက်သေဆုံးခဲ့ပြီး စစ်ကြောင်းပြန်ဆုတ်စဉ် သေဆုံး သွားသည့် စစ်သားရုပ်အလောင်းများနှင့် ဒဏ်ရာရတပ်ဖွဲ့ဝင်အချို့ကို စွန့်ပစ်ထားခဲ့ရာ နိုဝင်ဘာလ ၂၂ ရက်နေ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် ကော်ကပ်ကျေးရွာနှင့် ဝါးဘိုးချောင်းကျေးရွာကြား၌ စစ်သားအလောင်း ၇ လောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တွေ့ရှိခဲ့သည်။
တော်လှန်ရေး သတင်းရင်းမြစ်တစ်ဦးက “တိုက်ပွဲတွေထဲမှာ စစ်အုပ်စုဘက်က အထိနာပြီး သေဆုံးတာတွေ အများကြီး ရှိခဲ့တယ်။ သူတို့ ပြန်ဆုတ်သွားတဲ့ အချိန်မှာတောင် အလောင်းတွေကို မသယ်နိုင်တော့ဘဲ ဒီအတိုင်း ပစ်ထားခဲ့တာတွေ တွေ့ရတယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်အုပ်စုတပ် စစ်ကြောင်းများ ပြန်လည်ဆုတ်ခွာသွားပြီ ဖြစ်သော်လည်း နှစ်ကြိမ်တိုင်တိုင် မီးရှို့ ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာများမှ နေအိမ်ပျက်စီးဆုံးရှုံးမှု စာရင်းအသေးစိတ်ကို ဒေသတာဝန်ရှိသူများက ဆက်လက်ကောက်ယူနေဆဲ ဖြစ်သည်။
ပုံစာ – ကျိုက်ထိုမြို့နယ်အတွင်း စစ်အုပ်စုတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရမှု မြင်ကွင်း။ / ဓာတ်ပုံ – KIC